မိုင်းဆတ်မြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်(အကြတ်နေ့)တွင် အေးချမ်းပျော်ရွှင်စွာ ရေပက်ကစား ကြသူများဖြင့် စည်ကား

မိုင်းဆတ် ဧပြီ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်(အကြတ်နေ့)တွင် အေးချမ်း ပျော်ရွှင်စွာ ရေပက်ကစားကြသူများဖြင့် စည်ကားလျက်ရှိသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်သည် မြန်မာသက္ကရာဇ်နှစ်တစ်နှစ်ကုန်ဆုံးပြီး နှစ်သစ်၏ အေးချမ်းမှုကိုရရှိစေရန်၊ နှစ်ဟောင်းမှ အညစ်အကြေးများ ကင်းစင်လွင့်ပျောက်စေပြီး နှစ်သစ်သို့ပါမလာ စေရန် ရည်ရွယ်၍ ရေစင်သွန်း လောင်းကြခြင်းဖြစ်သည်နှင့်အညီ ယနေ့ကျရောက်သည့် မြန်မာ့ရိုးရာမဟာ သင်္ကြန် (အကြတ်နေ့)တွင် စုပေါင်းရေကစားမဏ္ဍပ်၊ လေယာဉ်ကွင်း လမ်းတစ်လျှောက်နှင့် နမ့်ခုတ်ချောင်းတို့တွင် ဒေသခံများ၊ ရပ်ဝေးမှဧည့်သည်များက ရေကစားခြင်း၊ မိသားစုလိုက်အပန်းဖြေလည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည်။

မိုင်းဆတ်မြို့ဗဟိုမဏ္ဍပ်နှင့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်း မဏ္ဍပ်ငယ်များဆောက်လုပ်၍ ရေပက်ကြသူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းကြသူများ၊ မိသားစုလိုက်ရေပက်ကစားကြသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်းသိရသည်။

မြင့်မောင်(မိုင်းဆတ်)