မဟာသင်္ကြန် (အကြတ်နေ့) တွင် နေပြည်တော်ဒက္ခိဏခရိုင်အတွင်းရှိမြို့နယ်များ၌ အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားကြသူများဖြင့်စည်ကား

နေပြည်တော် ဧပြီ ၁၅

မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်သည် မြန်မာသက္ကရာဇ်နှစ်တစ်နှစ်ကုန်ဆုံးပြီး နှစ်သစ်၏ အေးချမ်းမှုကိုရရှိစေရန်၊ နှစ်ဟောင်းမှ အညစ်အကြေးများ ကင်းစင်လွင့်ပျောက်စေပြီး နှစ်သစ်သို့မပါလာစေရန် ရည်ရွယ်၍ ရေစင်သွန်း လောင်းကြခြင်းဖြစ်သည်နှင့်အညီ ယနေ့ကျရောက်သည့် မြန်မာ့ရိုးရာမဟာ သင်္ကြန် (အကြတ်နေ့) နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏခရိုင်အတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုကြသူများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းကြသူများ၊ အေးချမ်းပျော်ရွှင်စွာ ရေကစားကြသူများနှင့် အပန်းဖြေစခန်းများ၌ လာရောက်အပန်းဖြေကြသူများဖြင့် စည်ကားလျက်ရှိသည်။

နေပြည်တော်၊ ဒက္ခိဏခရိုင်အတွင်းရှိ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်နှင့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်း မဏ္ဍပ်ငယ်များဆောက်လုပ်၍ ရေပက်ကြသူများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းကြသူများ၊ မိသားစု လိုက်ရေပက်ကစားကြသူများဖြင့် စည်ကားများပြား လျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)