လယ်ဝေး ဧပြီ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ဥသျှစ်လှိုင်းကျေးရွာ၌ တည်ထားကိုးကွယ်လျက်ရှိသည့် ရှေးဟောင်းမိုဃ်းကောင်း စေတီတော်မြတ်ကြီး ရွှေထီးတော်တင် မင်္ဂလာအခမ်းအနားကို ယနေန့နံနက် ၇ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တဇနိန္ဒအမှူးပြုသော သံဃာတော်များ၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း နှင့်ဦးမြင့်စိုး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ဒုတိယ တိုင်းမှုး ဗိုလ်မှုးချုပ် ကျော်စိုးဦး၊ သာသနာရေးဝန်ကြီးဌာနမှ ညွန်ကြားရေးမှူး ဦးစိုင်းထွန်းအောင်၊ ဒက္ခိဏခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဥသျှစ်လှိုင်းကျေးရွာဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။
အစီအစဉ်အရ တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်ပဓာန နာယကဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပါသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လှူဘွယ်ဝတ္ထုအစုစုတို့ကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးဝေသည်။
ထို့နောက် ရှေးဟောင်းမိုဃ်းကောင်းစေတီတော်ကြီးအား ဆက်ကပ်လှူဒါန်းမည့် စိန်ဖူးတော်၊ ငှက်မျက်နားတော်များနှင့် ဌာပနာတော်များအား နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် အလှူရှင်များက ကပ်လှူပူဇော်ခဲ့ပြီး ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ဇနိန္ဒနှင့် ပင့်သံဃာများက ဘုရားအနေကဇာတင်ခြင်းများပြုလုပ်ကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)