တာမွေမြို့နယ်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကြတ်နေ့၌ ရေကစားမဏ္ဍပ်များ၊ အတာရေဆော့ကစားကြသူ ပြည်သူများ၊ စတုဒိသာအလှူများဖြင့် အထူးပင်စည်ကား

တာမွေ ဧပြီ ၁၅

ယနေ့တွင်ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၃-ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကြတ်နေ့၌ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ယနေ့နံနက်ပိုင်းအချိန်မှ စတင်ကာ မြို့နယ်အတာရေသဘင် ရေကစားမဏ္ဍပ်နှင့် မြို့နယ်အတွင်းရှိ ရေကစားမဏ္ဍပ်များတွင် ရေပက်ခံကားများ၊ အတာရေဆော့ကစားသူများ၊ စတုဒိသာအလှူများဖြင့် အထူးပင်စည်ကားလျက်ရှိကြောင်းသိရသည်။

“သူငယ်ချင်းတွေနဲ့အတူ ကားနဲ့လျှောက်လည်တာပါ။ ဒီနှစ်သင်္ကြန်မှာ မြို့နယ်တိုင်းလိုလို ရေကစားမဏ္ဍပ်ဆောက်လုပ်ထားပြီး အထူးစည်ကားတာမြင်ရတော့ အရမ်းကို ဝမ်းသာပီတိဖြစ်မိပါတယ်။ အခြား သော သူငယ်ချင်းမိတ်ဆွေတွေအနေနဲ့လည်း အိမ်တွင်းပုန်းမနေဘဲနဲ့ အိမ်ပြင်ထွက်ပြီး ဒီမြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်မှာ ပါဝင်ဆင်နွှဲကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်” ဟု လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်မှ လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲသူတစ်ဦးက ဆိုသည်။

ယခင်နှစ်များက ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အပါအဝင် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းမြင့်မားနေမှုကြောင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ၂၀၂၀ ခုနှစ်မှစ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ခြင်းမရှိပေမဲ့ ယခုနှစ်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကြိုနေ့မှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အတာရေသဘင်ရေကစားမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များ၊ စတုဒိသာအလှူများ၊ အတာရေ သဘင်ပွဲ ပါဝင်ဆင်နွှဲကြသူ ပြည်သူများဖြင့် အထူးပင် စည်ကားလျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(တာမွေ)