ဟိုမိန်း စက်တင်ဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့၌ ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်(ပြည်နယ်အစိုးရအဖွဲ့) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိ သည့် ဟိုမိန်းမြို့ မြို့ပေါ်ရပ်ကွက်များ ရေပေးဝေရေးအတွက် ရေစုကန်များ တည်ဆောက်ပြီးစီးမှုနှင့် ( PVC )ရေပိုက် များသွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို စက်တင်ဘာ ၂ ရက်နေ့က ကွင်းဆင်းစ စ်ဆေးခဲ့ ကြောင်း သိရသည်။
ဟိုမိန်းမြို့ရေပေးဝေရေးအတွက် ပြည်နယ် အစိုးရ အဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၁၇၉ ဒသမ ၄၅ သန်း ဖြင့် စိုက်ဖေ့ကမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခဲ့သည့် ဟွေခမ်မွန်ချောင်းတွင် ရေတားတမံ တည်ဆောက် ခြင်း၊ ရေဂါလံ ၄၀၀၀၀ ဆံ့ရေစုကန် တစ်ကန်၊ အမှတ်(၁)ရပ်ကွက်တွင် ဂါလံ ၂၀၀၀၀ ဆံ့ တစ်ကန်၊ နားမိုက်လေ ရပ်ကွက်နှင့် ပန်သပြေရပ်ကွက်တွင် ဂါလံ ၁၀၀၀၀ ဆံ့ တစ်ကန်စီ တည်ဆောက်ပြီးစီးမှုနှင့် (၄လက်မ၊ ၃လက်မ PVC )ရေပိုက်များဖြင့် ရေစုကန်များသို့ ရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းအား ရှမ်းပြည်နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်အရည် အသွေး၊ စံချိန်စံညွှန်း ပြည့်မီစွာ ဆောင်ရွက်ရေးနှင့် သတ်မှတ်ကာလ အတွင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးနိုင်ရေးအတွက် အလေးထားဆောင်ရွက် ပေးရန် လမ်းညွှန် မှာကြားခဲ့သည်။
ဟိုမိန်းမြို့ မြို့ပေါ်ရပ်ကွက်(၃)ခုတွင် တည်ဆောက်ပြီးစီးခဲ့သည့် ရေစုကန်များမှ ရေများကို ရပ်ကွက်များ အတွင်းရှိ လူနေအိမ်များသို့ စနစ်တကျသွယ်တန်းပြီးစီးသွားပါက ဒေသခံပြည်သူများ အနေဖြင့် နှစ်စဉ် နွေရာသီ တွင် ကြုံတွေ့နေရသည့် ရေကို အခက်အခဲမရှိ အဆင်ပြေလွယ်ကူစွာ ရယူအသုံးပြု နိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
ရဲနောင်(ဟိုမိန်း)