သထုံမြို့သမီးတော်ကုန်းရပ်ရှိ သမီးတော်စေတီတော်မြတ် ရွှေထီးတော်တင်ပူဇော်ပွဲ စည်ကားစွာ ကျင်းပ

သထုံ    ဧပြီ ၁၄

မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ ရွာဦးရပ်ရှိ သမီး​တော်ကုန်း‌ကျောင်းတိုက်အတွင်း တည်​ထထားသည့်၊ သမီး​တော်​စေတီ​တော် ရွှေထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ခြင်းနှင့် ဌာပနာ‌တော် ထည့်သွင်းလှူဒါန်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့၊ မဟာသင်္ကြန်အကြိုနေ့၊ နံနက်က အဆိုပါစေတီတော်မြတ်ရှိရာ ကျောင်းတိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

မင်္ဂလာအခမ်းအနားတွင် ရှေးဦးစွာ သမီးတော်ကုန်း ကျောင်းတိုက်ဆရာတော်ထံမှ တက်ရောက် လာသူတို့က သီလခံယူဆောက်တည်ခြင်း၊ ဩဝါဒတရားများနာယူခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး ဆရာတော်နှင့် အလှူရှင်အသီးသီးတို့က စိန်ဖူးတော်၊ ရွှေထီးတော်နှင့် ငှက်မြတ်နားတော်တို့အား မင်္ဂလာပန်းရထားဖြင့် စေတီတော်ထက်ဆီသို့ ပင့်ဆောင် တင်လှူပူဇော်ကာ မန္တ​လေးမြို့မှ ပင့်​ဆောင်လာခဲ့​သော ဓါတ်​တော်များ၊ ပယင်းဗုဒ္ဓရုပ်ပွား ဆင်းတု​တော်များ၊ အလို​တော်ပြည့်နှင့် နဂါးရုံ ဗုဒ္ဓ​ဆင်းတုတော်များအား အလှူရှင်မိသားစုတို့က စေတီတော်အတွင်း ဌာပနာသွင်း ပူဇော် လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုတို့အတွက် ရေစက်ချ အမျှအတန်းပေးဝေခဲ့ကြသည်။

အဆိုပါ ရွှေထီးတော်တင်မ င်္ဂလာအခမ်းအနားတွင် ရပ်နီးရပ်ဝေးမှ ဧည့်ပရိတ်သတ်အပေါင်း တို့အား စတုဒီသာများဖြင့်တည်ခင်း ဧည့်ခံကျွေးမွေးခြင်း၊ ဖျော်ဖြေရေးအစီအစဉ်များတို့ ပါဝင်ရာ လာရောက်ဖူး‌မျှော်ကြသူ ရဟန်းရှင်လူပြည်သူများတို့ဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

ကိုကိုဦး(ပြန်/ဆက်)