ညောင်ရွှေ ဧပြီ ၁၄
နှစ်သစ်ကူးရုံးပိတ်ရက် မဟာသင်္ကြန်ကာလအတွင်း ရှမ်းပြည်နယ် ညောင်ရွှေမြို့နှင့် အင်းလေးကန်တို့တွင် အပန်းဖြေလာရောက်လည်ပတ်သူ ပြည်တွင်းခရီးသွား ဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။
သင်္ကြန်ကာလ အလုပ်ပိတ်ရက်၊ ရုံးပိတ်ရက်ဆိုတော့ နယ်စုံကလာကြတဲ့ ဘုရားဖူးဧည့်သည်များ နေ့စဉ်တစ်ထောင်ကျော် လာရောက်ဖူးမြော်လျက်ရှိကြောင်း၊ ပုံမှန်ရက်များတွင် ဘုရားဖူးဧည့်သည် သုံးရာကျော် လေးရာခန့်ရှိသော်လည်း သင်္ကြန်ကာလအတွင်း များပြားစည်ကားလျက်ရှိကြောင်း၊ ဖောင်တော်ဦးဘုရားကို နေ့စဉ် နံနက်အရုဏ်တက်ချိန်မှ ညနေ ၅နာရီအထိ ဖူးမြော် ခွင့်ပြုထား သော်လည်း ဘုရားဖူးဧည့်သည်များ များပြားပါက ညနေ ၆ နာရီအထိ ဖွင့်လှစ်ပေးထားကြောင်း အင်းလေးဖောင်တော်ဦးဘုရား ဂေါပကအဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောသည်။
အင်းလေးဒေသသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များသည် ကန်အတွင်း စက်လှေစီး ခြင်း၊ စက်လှေများဖြင့် အင်းလေးဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက်ဘုရား၊ အင်းတိန်ဘုရားများသို့ သွားရောက်ဖူးမြော်ခြင်း အပြင် နှစ်တစ်ရာကျော် ငါးဖယ်ချောင်း ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း၊ ရက်ကန်းလုပ်ငန်း၊ ငွေထည်လုပ်ငန်း၊ ရေပေါ်စိုက်ခင်းများ၊ မိုင်းသောက်တံတားများသို့ အများဆုံး သွားရောက်လည်ပတ်ကြသည်။
သင်္ကြန်ကာလဆိုတော့ ခရီးသွားဧည့်သည်တွေ များပြားတာကြောင့် စက်လှေဂိတ်တစ်ခုကို နေ့စဉ် စက်လှေအစီးရေ သုံးဆယ်မှ လေးဆယ်ခန့်အထိ ငှားရမ်းမှုများရှိကြောင်း၊ ခရီးသွားဧည့်သည် လာရောက်မှုမှာ တစ်ထောင်ကျော်ခန့်ရှိကြောင်း နန်းသဲကျေးရွာမှ စက်လှေငှားရမ်းမှုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။
အင်းလေးကန်အတွင်းသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များသည် ညောင်ရွှေမြို့မှတဆင့် သွားရောက်ကြသည့်အပြင် အင်းလေးကန်အရှေ့ဘက်ကမ်းရှိ မိုင်းသောက်အင်းရွာ၊ နန်းပန်မြို့တို့မှလည်းကောင်း၊ အင်းလေးကန်အနောက်ဘက်ကမ်းရှိ လွယ်ငြိမ့်ရွာ၊ ခေါင်တိုင်ရွာတို့ မှလည်းကောင်း အများဆုံးလာရောက်လည်ပတ်ကြကြောင်း သိရသည်။
နေမျိုးသူရိန်