တွံတေး ဧပြီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့၏ ကျက်သရေဆောင် ဆံတော်ခြောက်ဆူ ကိန်းဝပ်တော်မူသော ဆံကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အရှေ့ဘက်ရင်ပြင်တော်၌ (၄၅၇)ကြိမ်မြောက် ရှမ်းရိုးရာဓလေ့ နှစ်ဦးသဲပုံစေတီတည်ထားပူဇော်ပွဲကို ဧပြီ ၁၇ ရက် (မြန်မာ့နှစ်ဆန်းတစ်ရက်နေ့) နံနက် ၄ နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သဲပုံစေတီပူဇော်ပွဲအတွက် လုပ်အားဒါနပြုသူများက နံနက် ၄ နာရီမှစတင်ကာ သဲများ သယ်ဆောင်နိုင်ပြီး ရှမ်းလေးရွာဖြစ်သည့် ရှမ်းစုကြီး၊ ငါးခုမ်းမစမ်း၊ ညောင်တံခါး၊ မူးလမန်းရွာများက ဦးဆောင်ကာ နှစ်ဦးသဲပုံစေတီ တည်ထားပူဇော်ကြမည်ဖြစ်သည်။ ရှမ်းရိုးရာဓလေ့ နှစ်ဦးသဲပုံစေတီပူဇော်ပွဲကို အဆိုပါ ရှမ်းလေးရွာမှ နှစ်စဉ်ဦးဆောင်ကျင်းပလျက်ရှိရာ ယခုနှစ်တွင် မူးလမန်းကျေးရွာက ရာဇမတ်၊ ငါးခုမ်းမစမ်းကျေးရွာက ဂွေငါးဂွေနှင့်ပိန္နဲတိုင်၊ ညောင်တံခါးကျေးရွာက ခေါင်းလောင်းနှင့် ကြာမှောက်ကြာလန်ငှက်ပျောဖူး၊ ရှမ်းစုကြီးကျေးရွာက ထီးတော်တို့ကိုပြုလုပ်၍ စေတီတည်ထားမည်ဖြစ်ပြီး စေတီ၏ အစိတ်အပိုင်းများကို ကျေးရွာများကနှစ်စဉ် အလှည့်ကျ ဆောင်ရွက်ကြရကြောင်း၊ နှစ်ဦးသဲပုံစေတီကို နှစ်စဉ် နှစ်ဆန်းတစ်ရက်နေ့မှ ဝါဆိုလအထိ တည်ထားကိုးကွယ်လေ့ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
ရှမ်းလေးရွာ၏ ရိုးရာမပျက်နှစ်ဦးသဲပုံစေတီပူဇော်ပွဲကို ပြုလုပ်ကျင်းပခဲ့သည်မှာ (၄၅၇) ကြိမ်ရှိပြီဖြစ်ကာ ရိုးရာဓလေ့မပျောက်ပျက်စေရန် ယနေ့လူငယ်များက ဆက်လက်ကျင်းပလျက်ရှိကြောင်း၊ သဲပုံစေတီတော်၏ အတိုင်းအတာများကို ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့ (တွံတေး) က သတ်မှတ်ပေးထားသည့်အတိုင်း ပြုလုပ်ရကြောင်း၊ သဲပုံစေတီ၏ဉာဏ်တော်အမြင့်မှာ ကိုးတောင်ဖြစ်ပြီး ယခုအချိန်တွင် ရွှေဆံတော်စေတီခြေတော်ရင်း၌ ရှမ်းဓမ္မာရုံကို တည်ဆောက်ထားကာ ရှမ်းရိုးရာစာပေ၊ ယဉ်ကျေးမှုဓလေ့စရိုက်များ မပပျောက်စေရေးအတွက် နောင်လာနောက်သားများအား ရှမ်းစာပေများ သင်ကြားပေးနေပြီဖြစ်ကြောင်း သဲပုံစေတီပူဇော်ပွဲ ကျင်းပရေးတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
တွံတေးသား