ပြင်ဦးလွင်မြို့တွင်  ၂၀၂၂  ခုနှစ် ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကျင်းပ

ပြင်ဦးလွင် ဧပြီ ၁၄     

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ၂၀၂၂  ခုနှစ် ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့  ညနေ (၃) နာရီက ရပ်ကွက်ကြီး (၆) ၊ အမျိုးသားကန်တော်ကြီးဥယျာဉ် အနီး၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် ယိမ်းအကအဖွဲ့များတက်ရောက်ကြသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းမှ နှစ်သစ်ကူးနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အား တာဝန်ရှိသူများမှ ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ကြသည်။

ဆက်လက်ပြီး မြူမှောင်ဝေကင်း သီးချင်းနှင့် မန်းတောင်ရိပ်ခိုသီချင်းတို့ဖြင့် ယိမ်းအကအဖွဲ့များမှ ကပြဖျော်ဖြေတင်ဆက်ကြပြီး တာဝန်ရှိသူများမှ   ဧည့်သည်တော်များနှင့် ယိမ်းအကအဖွဲ့များအား အတာရေဖြင့်ပက်ဖျန်းကြသည်။

ယင်းနောက် ဗဟိုမဏ္ဍပ်တွင် အကအဖွဲ့များမှ အကပဒေသာများဖြင့်  ဧည့်ခံဖျော်ဖြေကာ နှစ်သစ်ကူး အချိန်အခါသမယတွင် ရေကစားမဏ္ဍပ်များမှ  ရေများဖြင့် ပက်ဖျန်းကစားခဲ့ကြောင်း သိရသည်။

(ခရိုင်၊ ပြန်/ဆက်)