ကျောက်တော်မြို့၌ သင်္ကြန်အကြိုနေ့၌ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး ဘုရား၊ ပုထိုး၊ စေတီများရှိ ဘုရားများအား ရေသပ္ပါယ်ပူဇော်

ကျောက်တော် ဧပြီ ၁၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၌ နှစ်သစ်ကူးအတာသင်္ကြန် အကြိုနေ့တွင် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများမှ မဟာကံကြီးရှင်ဘုရားနှင့် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး ဘုရား၊ ပုထိုး၊ စေတီများရှိ ဘုရားရုပ်ပွားတော်များအား ရေသပ္ပါယ်ပူဇော်ခြင်းအား ယမန်နေ့ ညနေ ၄ နာရီ အချိန်က မြို့ပေါ်ရပ်ကွက်အတွင်း ရခိုင်စည်တော်တီးခတ်လှည့်လည်ကာ ဘုရားရေသပ္ပါယ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နှစ်သစ်ကူးအတာသင်္ကြန် ကျရောက်တိုင်း မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဘုန်တော်ကြီးကျောင်းများသို့ ရခိုင်ပြည်သူများ၏ ထုံးတမ်းစဉ်လာတစ်ရပ် အနေဖြင့် အမြဲဆင်ယင် ကျင်းပပြုလုပ်လျက်ရှိသော ဘုရားရေသပ္ပါယ်ပူဇော်ခြင်းကို ဗုဒ္ဓဘုရားရှင်အား ရည်မှန်း၍ နှစ်စဉ်အစဉ်အလာမပျက် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။ ထိုသို့ ဘုရားရေသပ္ပါယ်ပူဇော်ခြင်းကို  ရခိုင်လူပျို/အပျိုများမှ ဦးဆောင်ကာ နံသာ ဖြူ/နံသာနီ အစရှိသော အမွှေးနံသာများအား သွေးပြီး ငွေဖလားများ၌ သပြေခက်များ ထည့်ပြီး ရပ်ကွက်များအတွင်း ရခိုင်စည်တော်တီးခတ် လှည့်လည်ကာ မဟာကံကြီးရုပ်ပွားတော်ကြီးနှင့် ဘုန်းတော်ကြီး ကျောင်းများရှိ ဘုရားဆင်းထုတော် ရုပ်ပွားတော်များအား စုပေါင်းဘုရားရေသပ္ပါယ်ခဲ့ကြကြောင်း သိရသည်။

ခင်မောင်ထွန်း