ရမ်းဗြဲ ဧပြီ ၁၄
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၂၂ ခုနှစ်တွင် ကျရောက်သည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီအချိန်က ရခိုင် ပြည်နယ်၊ ရမ်းဗြဲမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြကြောင်း သိရသည်။
အဆိုပါ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မဟာသင်္ကြန်ပွဲတော် ဦးစီးကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရှိ ရပ်ကွက် (၆)ခုမှ အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ မြို့ပေါ်ရှိ ပြည်သူများနှင့် ယိမ်းအကအဖွဲ့များ တက်ရောက်ကြသည်။
ရှေ့ဦးစွာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မဟာသင်္ကြန်ပွဲတော် နှုတ်ခွန်းဆက်မှာစကား ပြောကြားပြီးမဟာသင်္ကြန်ပွဲတော် ဦးစီးကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ မဟာသင်္ကြန် ပွဲတော် ဗဟိုမဏ္ဍပ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ၎င်းနောက် အခမ်းအနားသို့ တက်ရောက် လာသူများကို အတာသင်္ကြန်ရေများ ပက်ဖျန်းပေးပြီးနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယိမ်းအက လှပျိုဖြူများက မန်းတောင်ရိပ်ခိုသီချင်းဖြင့် ၎င်းအမှတ်(၃)ရပ်ကွက်မှ မေမေများအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန ကိုယ်စားပြု ကလေးငယ်များရဲ့ ယိမ်းအကနှင့် ပညာရေးဌာနမှ ယိမ်းအကအလှတို့ဖြင့် ဖြေဖျော်ကြပြီး ဧည့်ခံကျွေးမွေးရေးအဖွဲ့(၁)မှ ရွှေရင်အေးမုန့်များဖြင့် ဧည့်ခံ ကျွေးမွေးပေးကြသည်။
ရမ်းဗြဲမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်မှ ဦးဆောင်၍ မြို့ပေါ်ရှိရပ်ကွက်များတွင် သင်္ကြန်ရေကစားမဏ္ဍပ်များ ဆောက်လုပ်ထားရှိလျက် မြို့နယ် အတွင်းရှိ ပြည်သူများမှ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့မှစ၍ ဧပြီ ၁၆ ရက် သင်္ကြန် အတက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပကြမည်ဖြစ်ကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)