ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ ကျင်းပ

ဒဂုံဆိပ်ကမ်း ဧပြီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ရေကစားမဏ္ဍပ်တွင် ယမန်နေ့နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်မဏ္ဍပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးစိုးလွင်၊ အဖွဲ့ဝင် (၁)ဗိုလ်မှူးနေဝင်းအောင်၊ အဖွဲ့ဝင် (၂) ဦးလှကြည်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဦးကံပို၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအေးကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် မြနန္ဒာသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ယိမ်းအဖွဲ့နှင့် မြို့နယ်ပညာရေးဌာန ယိမ်းအဖွဲ့တို့မှ ကပြဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ယိမ်းအဖွဲ့များ အသီးသီး တက်ရောက်ခဲ့ကြပြီး မုန့်လက်ဆောင်းစတုဒီသာများဖြင့် ကျွေးမွေးဧည့်ခံ၍ ပျော်ရွှင်စွာ ရေကစားခဲ့ကြကြောင်း သတင်းရရှိပါသည်။

ဖြိုးစန္ဒာကျော်