ကျောက်ဆည်မြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးပြီးခဲ့သည့် လူနေအိမ်(၅)လုံး၏ မိသားစုဝင်များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

ကျောက်ဆည် ဧပြီ ၁၄

မန္တလေးတိုင်းဒေသကြီ၊ ကျောက်ဆည်မြို့၊ မြို့ဦးရပ်ကွက်တွင် ဧပြီ(၁၁)ရက်ည(၈)နာခွဲအချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် သစ်ကိုင်းကျိုးကျ၍ ပြိုကျပျက်စီးခဲ့သည့် လူနေအိမ် (၅)လုံး၏ မိသားစုဝင်များအား ယနေ့နံနက်(၉)နာရီက မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများ လွှဲပြောင်းထောက်ပံ့ခဲ့ကြောင်း သိရှိသည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများမှာ အဆောက်အအုံ၊ အမိုးအကာအတွက် ဆောက်လုပ်ရေးသုံး ပစ္စည်းများဖြစ်သည့် မိုးကာ၊ ဓားမ၊ လွှ၊ အိမ်ရိုက်တူ၊ အိမ်ရိုက်သံများ၊ သွပ်ရိုက်သံများ၊ နိုင်လွန်ကြိုး၊ သံတူရွင်း၊ ပလာယာ၊ သွပ်နန်းကြိုး၊ ပေါက်ပြား၊ ပေါက်တူး၊ အိတ်၊ အမျိုးသား/အမျိုးသမီး/ ကျောင်းသား/ကျောင်းသူဝတ် (အင်္ကျီ၊ လုံခြည်၊ ဘောင်ဘီ၊ စကပ်)၊ လက်သဲညှပ်၊ ဖိနပ်၊ ခေါင်းဘီး၊ ခေါင်းလျှော်ရည်၊ အဝတ်လျှော်ဆပ်ပြာ၊ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာခရင်၊ သောက်ရေခွက်၊ စက္ကူဘူး၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ မျက်နှာသုတ်ပုဝါ၊ ဆေးစိမ်ခြင်ထောင်၊ စောင်၊ ပလပ်စတစ်ပုံး၊ ရေသန့်ဗူးနှင့် မီးဖိုချောင်သုံးပစ္စည်းများ ဖြစ်ကြောင်း သိရှိရသည်။

ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာတွင် ပျက်စီးဆုံးရှုံးမှု အနည်းအများအလိုက် ခရိုင်ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဒေါ်သင်းပျံ့ပျံ့ကြူက မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့်အတူ မိသားစုဝင်များ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

သက်မောင်