ကျောက်ဖြူ ဧပြီ ၁၄
မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်မှ ၁၃၈၃ သို့ ကူးပြောင်းသည့် နှစ်သစ်ကူး မဟာအတာသင်္ကြန် ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ညနေ ၄ နာရီက ကျောက်ဖြူမြို့၊ အစိုး ရပ်ကွက်၊ ဗျူးပွုင့်အနီးရှိ အဆိုပါ မဏ္ဍပ်၌ ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး စိုင်းမောင်မောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်း ရေးမှူး ဒုတိယရဲမှူးကြီး နေထွန်းလင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးတင်ရွှေတို့မှ တက်ရောက်အားပေးချီးမြှင့်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဖွင့်ပွဲအခမ်းအနားကို ရောင်တော်ဖွင့်လူငယ် ရခိုင်မင်္ဂလာစည်တော်အဖွဲ့နှင့် အတူ ရခိုင်ရတုတေး အား ရွှေတံဆိပ်ဆုရှင် ဦးဇော်နေညွှန့်မှ သီဆိုဖွင့်လှစ်ပေးပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်မှ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ဆက်လက်၍ မန်းတောင်ရိပ်ခိုသီချင်းကို ရွှေတံဆိပ်ဆုရှင် ဦးပိုင်ဖြိုးကိုမှ သီဆို၍ ကျောက်ဖြူ မြို့နယ်ယဉ်ကျေးမှုယိမ်းအဖွဲ့၊ ကျောက်ဖြူမြို့နယ် ခရိုင်ရဲတပ်ဖွဲ့မှ သမီးပျိုလေးများ ယိမ်းအဖွဲ့နှင့် ပညာရေးဌာနမှ သမီးပျိုလေးများ ယိမ်းအဖွဲ့တို့မှ အဆိုပါသီချင်းဖြင့် တွဲဖက်ကပြဖျော်ဖြေပေးပြီး ကျောက်ဖြူမြို့နယ် ယဉ်ကျေးမှုယိမ်းအဖွဲ့မှ “ချမ်းပါတယ်” သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
ထို့နောက် ရခိုင်အဆိုတော် မင်းသာကီနှင့် မိချောတို့မှ မြူးမြူးကြွကြွခေတ်ပေါ်တေးသီချင်း များ၊ ရခိုင်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
ကျောက်ဖြူမြို့၌ မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်တွင် မဟာသင်္ကြန်ကာလအတွင်း ရခိုင် အဆိုတော် တေးသံရှင်များ၊ ယိမ်းအကအဖွဲ့များက ခေတ်ပေါ်တေးဂီတများ၊ ယိမ်းအကများဖြင့် စည်ကားသိုက်မြိုက်စွာ ကပြဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ပြီး သင်္ကြန်ချစ်သူများနှင့် ရေကစားကြသူများအား အဆိုပါမဏ္ဍပ်ရှေ့၌ စတုဒိသာအကျွေးအမွေးများဖြင့် ဧည့်ခံ ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)