ထန်းတပင်(ရန်ကုန်) ဧပြီ ၁၄
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် ဆုတောင်းပြည့် ပေါ်တော်မူ မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးကို (၁၅၉)ကြိမ်မြောက်အဖြစ် ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ အမှတ်(၁) ရပ်ကွက်ရှိ မြသိန်းတန်ဘုရားကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်လျက်ရှိပြီး ဧပြီလ(၁၅)ရက် နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ဆုတောင်းပြည့်ပေါ်တော်မူ မြသိန်းတန် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ရှေ့ယခင်နှစ်ပေါင်း အတော်ကြာကပင် နှစ်စဉ်တန်ခူးလဆန်း(၁၃)ရက်၊ (၁၄)ရက်၊ (၁၅)ရက်နေ့တိုင်း (၃)ရက် တိုင်တိုင် ကျင်းပပြုလုပ်လျက်ရှိရာ ဖူးမျှော်ကြည်ညိုသဒ္ဓါပွားများသူ ဧည့်ပရိတ်သတ်များဖြင့် ယနေ့ထက်ထိတိုင် ဘုရားပွဲတော်ရက်များတွင် စည်ကားလျက်ရှိသည်။ ပွဲတော်သို့ လာရောက်သည့် ဧည့်ပရိသတ်များကိုလည်း စေတနာအလှူရှင်များက စုပေါင်း၍ ပွဲတော်ရက် များ၌ နံနက်ပိုင်း၊ နေ့လယ် ပိုင်းနှင့် ညနေပိုင်း တို့တွင် အာဟာရထမင်း၊ စတုဒိသာ အကျွေးမွေးများဖြင့် လှူဒါန်းပေးလျက်ရှိပြီး ဗုဒ္ဓပူဇနိယပွဲတော်ကြီးသို့ လာရောက်ကြသည့် သင်္ဒ္ဓါကြည်လင် ပါရမီရှင်အပေါင်းတို့ကလည်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်း ပူဇော်ခြင်းများဖြင့် ကုသိုလ်ကောင်းမှုများ ပြုလျက်ရှိသလို ဘုရားဂေါပက အဖွဲ့တာဝန်ရှိသူများကလည်း ဘုရားပွဲတော်ရက်များတွင် ပျော်ပွဲ၊ ရွှင်ပွဲများထည့်သွင်းကျင်းပ ပြုလုပ်ပေးခြင်းဖြင့် ကျင်းပပြုလုပ်လျက် ရှိသည်။
မြသိန်းတန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ဉာဏ်တော် ငါးပေမြင့် မတ်ရပ်ပုံတော်ဖြစ်ပြီး ရွှေသင်္ကန်းဝတ်ရုံလျက် လက်တော်အစုံဖြင့် အရှေ့ဘက်တွင် သပိတ်တော်ကို ပိုက်ချီထားကာ ဆွမ်းခံကြွ ချီတော်မူဟန်သည် ကြည်ညိုဖွယ်ရာ အလွန်ကောင်းလှသည်။ ထို့ပြင် ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား သက်သတ် လွတ်သစ်သီးဆွမ်းဖြင့် ဆက်ကပ်လှူဒါန်းလျှင် ဆုတောင်းပြည့်ဝအောင်မြင်မှုများ ရရှိကြောင်းလည်း သိရသည်။ ထို့ကြောင့်လည်း ယခင် ကျောင်းတိုင်ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတလက်ထက်မှ စတင်၍ ယခု မြသိန်းတန် ဘုရားကြီး ကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တသုမန လက်ထက်အထိ နှစ်စဉ်ဝါတွင်း ကာလ၊ တော်သလင်းလပြည့်ကျော် (၅) ရက်နေ့၊ နံနက်တိုင်း တပည့်ဒကာ၊ ဒကာမ အပေါင်းတို့နှင့် သစ်သီးဆွမ်းများကို အဓိဌာန်ဖြင့် ဆက်ကပ်လှူဒါန်းပူဇော်ပွဲ ကျင်းပပြုလုပ် လျက်ရှိရာ ယနေ့ထက်ထိတိုင်ဖြစ်သည်။
ဆုတောင်းပြည့် ပေါ်တော်မူမြသိန်းတန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ရှင်ဥပဂုတ္တ၊ ရှင်သီလဝိ မထေရ်မြတ်များ မြို့တွင်းရပ်ကွက် အသီးသီးသို့ ဒေသစာရီကြွချီပွဲတော်ကိုလည်း နှစ်စဉ် တန်ဆောင်းမုန်းလဆန်း (၁၄)ရက်၊ လပြည့်နေ့၊ လပြည့်ကျော်(၁)ရက်နေ့တိုင်း ကျင်းပ ပြုလုပ်လျက်ရှိပြီး ရပ်ကွက်နေ ပြည်သူများကလည်း ဆီးမီး အမွှေးနံ့သာ ပူဇော်ခြင်းများနှင့် ရပ်ကွက်အလိုက် စေတနာ အလှူရှင်များက ကုသိုလ်ဒါနအဖြစ် အချိုရည်များ၊ မုန့်များ၊ စတုဒိသာအာဟာရ ကျွေးမွေး လှူဒါန်းခြင်းများ၊ ဝတ်ရွတ်ပွဲ၊ ပဋ္ဌာန်းပွဲများနှင့် လူငယ်အဖွဲ့ များမှလည်း အကအလှများဖြင့် ကပြဖျော်ဖြေ တင်ဆက်ခြင်း များဖြင့် ကျင်းပပြုလုပ်လျက် ရှိသည်။
ဇင်မင်းထိုက်(ထန်းတပင်)