ရန်ကင်း ဧပြီ ၁၄
၁၃၈၃ ခုနှစ်၊ ရန်ကင်းပိတောက် ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၃:၃၀)နာရီတွင်၊ အမှတ်(၂) ရပ်ကွက်၊ ရန်အောင်(၆) လမ်းထိပ်၊ ရန်ကင်းလမ်းမပေါ်၌ ကျင်းပသည်။ အဆိုပါဖွင့်ပွဲ အခမ်းအနားတွင် ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ယခုလာမည့်နှစ်သစ်တွင် အားအင်သစ်များဖြင့် တက်ကြွစွာ ဆောင်ရွက်ကြဖို့လိုကြောင်း၊ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းသည့်အချိန်အခါသမယတွင် မြန်မာ့ဓလေ့ ရိုးရာအစဉ်အလာနှင့်အညီ၊ မေတ္တာရေစင်ပက်ဖျန်း၍ပျော်ရွှင် စွာဆင်နွှဲသည့် အတာသင်္ကြန်ရေသဘင် ပွဲတော်ဖွင့်ပွဲခမ်းအနားဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါကျရောက်ခဲ့သောကြောင့် ရိုးရာယဉ်ကျေးမှုပွဲတော်များ၊ အခမ်းအနားများကို ရပ်နားခဲ့ရပြီး ရောဂါကူးစက်မှုနှုန်း ကျဆင်းလာသဖြင့် ပြည်သူများ စိတ်လက်ပေါ့ပါးကာ လန်းဆန်းပျော်ရွှင် စေရန်ရည်ရွယ်၍၊ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ကျင်းပခြင်းဖြစ်ကြောင်း၊ အတာသင်္ကြန်ပွဲတော်တွင် ယဥ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲကြစေလိုပါကြောင်းပြောကြားသည်။
စတင်ဖွင့်လှစ်သော ရန်ကင်းမြို့ပိတောက်ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အိရွှေစင်(ပြန်/ဆက်)