ရန်ကင်း ဧပြီ ၁၂
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်တွင် ၂၀၂၂-ခုနှစ် ဧပြီလ (၁၃)ရက်နေ့မှ ဧပြီလ (၁၆)ရက်နေ့အထိ ကျင်းပမည့် မြန်မာသက္ကရာဇ် ၁၃၈၃-ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန် ပွဲတော်ကို ရန်ကင်းပိတောက်ရေကစားမဏ္ဍပ်ဖြင့် မြို့နယ်အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်ပြီး ဧပြီလ(၁၃)ရက် သင်္ကြန် အကြိုနေ့ ညနေ (၄)နာရီတွင် ပြုလုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုကဲ့သို့ ရန်ကင်းမြို့နယ်အတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်အား စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ရန်ကင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့နှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ရေကစားမဏ္ဍပ်များ ဆောက်လုပ်ပေးလျက်ရှိပြီး အဆိုပါ ရေကစားမဏ္ဍပ်များတွင် လူမျိုး ဘာသာမရွေး၊ လူတန်းစားမရွေး မည်သူမဆို လာရောက်၍ ရေသဘင်ပွဲတော်တွင် လွတ်လပ် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ကြောင်းနှင့် စတုဒီသာအလှူ များဖြင့်လည်း ကျွေးမွေးဧည့်ခံသွားမည် ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က ကြောကြားသည်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရန်ကင်းမြို့၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ဖတ်ပူဇော်ကာ သက်ကြီးဘိုးဘွားပူဇော်ပွဲများကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အိရွှေစင်(ပြန်/ဆက်)