ပင်လောင်း စက်တင်ဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါဖြစ်ပွားမှု မရှိစေရန်နှင့်ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကို မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယမန်နေ့က နန်းတုတ်ကျေးရွာအုပ်စု၊ ဟိုဝိုးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ နီနီဝင်းက အာဖရိက ဝက်အပြင်းဖျားရောဂါအကြောင်းနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အကြောင်း ဟောပြောပြီး ကျေးရွာများမှ တက်ရောက်လာသော ဝက်မွေးမြူသူများအား ပိုးသတ်ဆေးဗူးများ အခမဲ့ဖြန့်ဝေပေးအပ်ခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ဟိုဝိုးကျေးရွာအတွင်း တစ်နိုင်တစ်ပိုင် ဝက်မွေးမြူရေးခြံများအား ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုများကို ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ပြီး၊ နန်းတုတ်၊ ဟိုဝိုး၊ ဆော်လန်(တ)၊ ဆော်လန်(မ)၊ ဒေါပေါ်ကလဲကျေးရွာများမှ ဝက်မွေးမြူသူများနှင့်ကျေးရွာတာဝန်ရှိသူများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်