လေးမျက်နှာ ဧပြီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်စိုက်ပျိုးပွဲကို ယနေ့ နေ့လယ်ပိုင်းက စာရေးကွင်းကျေးရွာအုပ်စု၊ စာရေးကွင်းကျေးရွာရှိ ကွင်းအမှတ်(၁၂၂၃)၊ ဦးပိုင်အမှတ် (၃၁/၁) တောင်သူ ဦးသိန်းထွန်းအပါ (၅)ဦး၏ လယ်ယာမြေ(၂၅)ဧကတွင် ကျင်းပခဲ့သည်။
သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)စိုက်ပျိုးပွဲသို့ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးကျော်ကျော်လှိုင်၊ ဟင်္သာတခရိုင် စိုက်ပျိုးရေးဦးစီးမှူးဦးမျိုးမင်းလွင်ဦး၊ လေးမျက်နှာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်တို့ တက်ရောက်ခဲ့ပြီး လေးမျက်နှာ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းရွှေမှ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာမြေများတွင် အချိန်တိုကာလအတွင်း သစ်စိမ်းမြေသြဇာ၊ ဇီဝမြေသြဇာနှင့် သစ်ဆွေးဓာတ်များ ရရှိနိုင်ကြောင်း၊ ပိုက်ဆံလျှော်သီးနှံ စိုက်ပျိုးရာတွင် ရာသီဥတုအခြေအနေပေးပါက တစ်ဧကလျှင် သစ်စိမ်းမြေသြဇာ ၅ တန်မှ ၇ တန်ထိ ရရှိနိုင်ပြီး ပုလဲဓာတ်မြေသြဇာ ၁ အိတ်မှ ၃ အိတ်နှင့် ညီမျှသော နိုက်ထရိုဂျင်ဓာတ်များ ရရှိနိုင်ကြောင်း၊ ပိုက်ဆံလျှော်သီးနှံ စိုက်ပျိုးခြင်းဖြင့် လယ်ယာမြေ အတွင်းရှိ ပေါင်းပင်များကို နှိမ်နင်းနိုင်ပြီး အကျိုးပြုဘက်တီးရီးယားများ၊ မြေဆီလွှာအတွင်းရှိ အကျိုးပြုသက်ရှိများကိုလည်း အသက်ရှင်တိုးပွားစေနိုင်ကြောင်းနှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းဖြင့် ဓာတ်မြေသြဇာသုံးစွဲမှုအား လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ရှိ မြေဆီလွှာနှင့် ရေတို့ကို ဓာတုအဆိပ်သင့်မှု လျော့နည်းစေကာ မြေဆီလွှာ၏ ချဉ်ငံဓာတ်ကိုလည်း ထိန်းညှိပေးသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး ပိုက်ဆံလျှော်ကြဲပက် စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်စိုက်ပျိုးပွဲသို့ ဧရာဝတီ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးကျော်ကျော်လှိုင်၊ ဟင်္သာတခရိုင် စိုက်ပျိုးရေး ဦးစီးမှူး ဦးမျိုးမင်းလွင်ဦး၊ လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်၊ လေးမျက်နှာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းရွှေနှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျေးရွာအတွင်းရှိ စိတ်ပါဝင်စားသူ တောင်သူများ တက်ရောက်အားပေးခဲ့ကြသည်။
ကျော်ဟိန်း(ပြန်/ဆက်)