မာန်အောင် ဧပြီ ၁၃
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် မဟာသင်္ကြန်ကာလအတွင်း ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ အသိပညာပေးခြင်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက် ရှိရာ ယနေ့ နံနက် ၈ နာရီက အနောက်စုရပ်ကွက်ရှိ မြို့အဝင်/ အထွက် လမ်းဆုံနေရာနှင့် ကန်းနား ရပ်ကွက်ရှိ အုန်းချောင်းတံတားထိပ် မြို့ဝင်/အထွက်နေရာများတွင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထိုသို့လုပ်ဆောင်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရွှေလှအောင်နှင့် အဖွဲ့ဝင်များက ဦးဆောင်ပြီး မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက အနောက်စု ရပ်ကွက်ရှိ မြို့အဝင်/အထွက် လမ်းဆုံနေရာနှင့် အုန်းချောင်းတံတားထိပ် မြို့ဝင်/မြို့ထွက် နေရာများတွင် ဖြတ်သန်းမောင်းနှင်နေသည့် အနှေးယာဉ်မောင်းနှင်သူများ၊ အငှားယာဉ်မောင်းနှင်သူများနှင့် ကား၊ ဆိုင်ကယ်စသည့် မော်တော်ယာဉ်မောင်းများကို စစ်ဆေး၍ နှစ်ဘီးဆိုင်ကယ် မောင်းနှင်သူများအား ဆိုင်ကယ်ဦးထုပ်များကို သေချာစွာ တပ်ဆင်မောင်းနှင်ကြရန်၊ နှစ်ဦးထက်ပို၍ သယ်ဆောင်မောင်းနှင်ခြင်း မပြုကြရန်၊ ရှေ့မီးအနိမ့်ဖွင့်၍ နေ့ရောညပါ မောင်းနှင်ကြရန်၊ ဆိုင်ကယ်အား စက်သံဆူညံစွာ မောင်းနှင်ခြင်းမပြုကြရန်၊ အရက်သေစာများကို အလွန်အကျွံ သောက်စားမူးယစ်ပြီး မောင်းနှင်ခြင်းမပြုရန်၊ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပေါ်စေရန် စနစ်တကျမောင်းနှင်ကြရန်၊ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် လေးထားဆောင်ရွက်ကြရန် စသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အသိပညာပေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မာန်အောင်မြို့နယ်တွင် မဟာသင်္ကြန်ကာလတွင် ရေကစားရန်အတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ များတွင် ရေကစားမဏ္ဍပ်(၅)ခု စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)