ကျောက်တော်မြို့ရှိ အထင်ကရ ရှေးဟောင်းသမိုင်းဝင် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား ရေသပ္ပယ်ပူဇော်

ကျောက်တော် ဧပြီ ၁၃

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် ကျောက်တော်မြို့နယ်အတွင်းရှိ အထင်ကရ ရှေးဟောင်းသမိုင်းဝင် ဘုရား တစ်ဆူဖြစ်သော မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီးအား မုနိမြေဘုရား သန့်ရှင်းရေးအသင်းနှင့် ပြည်တွင်း ပြည်ပအလှူရှင်များ စုပေါင်းကျင်းပပြုလုပ်သော ၁၀ ကြိမ်မြောက်ဘုရားရေသပ္ပယ်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါ ဘုရားကြီးရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပင့်ဖိတ်ထားသော ဆရာတော်အရှင်သူမြတ်များနှင့်ဧည့်ပရိတ်များက မဟာမြတ်မုနိ ရုင်ရှင်တော်မြတ်ကြီးအား ရေသပ္ပယ်ပွဲကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး ဖွင့်လှစ် ပေးကြသည် ထို့နောက် သြကာသကထာဖြင့် ဆရာကန်တော့ကြပြီး ရခိုင်စည်တော်မင်္ဂလာ တီးခတ် ပြီးနောက် မဟာမြတ်မုနိကျောင်းတိုက်ဆရာ တော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီးကို ရေသပ္ပယ်ပွဲအားကျင်းပပြုလုပ်ရာ မဟာမြတ်မုနိ ကျောင်းတိုက်ဆရာတော်ကြီး ဦးဆောင်မှုဖြင့် ဘုရားရှင်အား အမွှေးနံသာရည်များဖြင့် ရေသပ္ပယ် ပူဇော်ခြင်း သင်္ကန်းဆက်ကပ် လှူဒါန်းခြင်း ရွှေကပ်လှူပူဇော်ခြင်း ရဲကျော်သူဘုရားကြီးအား ရေသပ္ပယ်ခြင်း သင်္ကန်းကပ်လှူခြင်းစသော ကောင်းမှုကုသိုလ်ဒါနများအား စုပေါင်းဆောင်ရွတ် ခဲ့ကြသည်။ ဆက်လက်ပြီး (၁၀)ကြိမ်မြောက် မဟာမြတ်မုနိဘုရားကြီးအား ရေသပ္ပယ်ပူဇော်ပွဲကို ဗုဒ္ဓသာသနံစိရံတိဋ္ဌာတု သုံးကြိမ်ရွတ်ဆို၍ ဘုရားရေသပ္ပယ်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ခင်မောင်ထွန်း