မိုင်းဖြတ် ဧပြီ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်ယွန်းကျေးရွာအုပ်စု၊ ပန်ကြူ ကျေးရွာတွင် ယနေ့နံနက် ၄ နာရီခန့်က တောမီးလောင်ကျွမ်းရာမှတစ်ဆင့် လူနေအိမ် ၇ လုံး၊ မီးဖိုချောင် ၄ လုံးကို မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိုင်းဖြတ်မြို့နယ်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်ယွန်းကျေးရွာအုပ်စု၊ ပန်ကြူကျေးရွာတွင် တောမီးလောင်ကျွမ်းနေရာမှ ရွာအတွင်းသို့ မီးကူးစက်လာပြီး ပျဉ်ထောင်သွပ်မိုး ခြေတိုင်ရှည် (၁) လုံး၊ ဝါးထရံကာ သက်ကယ်မိုး ခြေတိုင်ရှည် (၆) လုံး၊ စုစုပေါင်း လူနေအိမ် (၇)လုံးနှင့် ဝါးထရံကာ သက်ကယ်မိုး မီးဖိုချောင် (၄)လုံး စုစုပေါင်း အဆောက်အဦ (၁၁)လုံးနှင့် စပါးကျီ၊ ဟာလာဆန်စက်တို့ မီးလောင်ကျွမ်း ပျက်ဆီးဆုံးရှုံးခဲ့ရကြောင်း၊ မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်မှု မရှိကြောင်းနှင့် မိုင်းဖြတ်လူမှုကူညီရေးအသင်း၊ လားဟူအသင်းတော်မှ တာဝန်ရှိသူများ၊ ရွာသားများမှ ပူးပေါင်းငြှိမ်းသတ်မှုကြောင့် နံနက် ၅ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့သည်။
အဆိုပါ မီးဘေးသင့်ကျေးရွာသို့ မိုင်းဖြတ်မြို့နယ်မှ တာဝန်ရှိဌာနဆိုင်ရာများက သွားရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်များကို ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)