ကျောက်ပန်းတောင်းမြို့ သမိုင်းဝင်မြို့ ဦးထိန်းကန်ကြီးမှ ရေလွှဲကန် တာပေါင်ကြိုးပေါက်မှု ပြန်လည် ပြုပြင်ပြီးစီး

ကျောက်ပန်းတောင်း ဧပြီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့၊ မြို့ဦးမြို့ထိပ်ရှိ သမိုင်းဝင်ထိန်ကန်ကြီးမှ ကြိုးပေါက်သွားသည့် ရေလွှဲကန်တာပေါင်အား အများလှူဒါန်းငွေဖြင့် လူငယ်များ စုပေါင်းပြုပြင်ခဲ့ရာ ဧပြီ(၁၁)ရက်နေ့က လုပ်ငန်းအားလုံးပြီးစီးခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့တွင် မြို့ဦးမြို့ထိပ်ရှိ သမိုင်းဝင်ထိန်ကန်ကြီးမှာ ကျောက်ပန်းတောင်းမြို့မဖြစ်မီ ကပင်ကျေးရွာများ စုပေါင်းမီခိုအားထားရသည့် ကန်ကြီးဖြစ်ကြောင်းသိရပြီး ရှေးလူကြီးများက ရေကန် ကြီးမှရေကို သန့်ရှင်းစင်ကြယ်စွာနှင့် ရောဂါဘယ ကင်းရှင်းစွာ သောက်သုံးနိုင်ကြစေရန်အတွက် ရေဝင် လမ်းချောင်းရိုးထိပ်တွင် ရေစုကန်ကို ဦးစွာပြုလုပ်၍ ရေစုကန်မှတစ်ဆင့် ရေစစ်ကန်သို့ ရေစီးဝင်စေပြီး ၎င်းနောက် ရေစစ်ကန်မှတစ်ဆင့် ပင်မရေကန်ကြီးသို့ စီးဝင်စေ၍ ပင်မကန်ကြီး ရေပြည့်ပါက ကန်ကြိုး ပေါက်ခြင်းမဖြစ်စေရန် ရေလွှဲကန်တို့ကို စနစ်တကျစီရင် တူးဖော်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ရေကန်မှ ရေလွှဲကန်မှာ ၂၀၂၂ ခုနှစ်၊ မတ်လ(၂၃)ရက်နေ့ ည(၈)နာရီခန့်တွင် မုန်တိုင်းအရှိန်ဖြင့် ရွာသွန်းသည့်မိုးကြောင့် တာပေါင်ကြိုးပေါက်မှုဖြစ်ခဲ့ရာ အဆိုပါ တာပေါင်ပြုပြင်ရန်အတွက် မြို့မရပ်ကွက်မှ လူငယ်များက Online မှတစ်ဆင့် မြို့ပေါ်တွင် အလှူခံ၍ ရရှိသည့် ငွေဖြင့် ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စကာ ပရဟိတလူငယ်များ စုပေါင်းပြုပြင်ခဲ့ရာ ၂၀၂၂ ခုနှစ် ဧပြီလာ ၁၁ ရက်နေ့တွင် ပြီးစီးခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)