မလှိုင်မြို့နယ်အတွင်း ဖြတ်သန်းသွားလာသည့် ခရီးသည်များအား နိုင်ငံသားစိစစ်ရေးကတ် ရှိ/မရှိ စစ်ဆေး

မလှိုင် ဧပြီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း ဖြတ်သန်းသွားလာသည့် ခရီးသည်မော်တော်ယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များပေါ်တွင် လိုက်ပါလာသူများအား နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်) ရှိ /မရှိ စစ်ဆေးကို ယမန်နေ့က မလှိုင်မြို့အဝင် မြင်းခြံ-မလှိုင်လမ်း၊ ပန်းအိုင်ကျေးရွာ မီးသတ်ရုံးရှေ့ဂိတ်၌ ဆောင်ရွက် ခဲ့ပြီး ခရီးသွားလာရာတွင် နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်)အစား ထောက်ခံစာဖြင့် ခရီးသွားလာ၍ မရကြောင်းလည်း အသိပညာပေးဆောင်ရွက်ခဲ့ကြသည်။

အဆိုပါနေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထိန်လင်းမောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်လဝက ဦးစီးမှူး ဦးသိန်းဟန်နှင့် ဝန်ထမ်းများက ယာဉ်ပေါ်လိုက်ပါသူခရီးသည်များအား နိုင်ငံသား စိစစ်ရေးကတ်(မှတ်ပုံတင်) ရှိ /မရှိ စစ်ဆေးခဲ့ပြီး ခရီးသွားလာရာတွင် နိုင်ငံသား စိစစ်ရေးကတ် (မှတ်ပုံတင်)အစား ထောက်ခံစာဖြင့် ခရီးသွားလာ၍ မရတော့ကြောင်း အသိပေး ရှင်းလင်းပြောကြားသည်။ ထို့အပြင် တည်းခိုနေထိုင်ရာ နေရာများနှင့် နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်းများကိုလည်း ဧပြီလ(၁) ရက်နေ့ စတင်၍ တရားဝင်ထုတ်ပေးထား သောနိုင်ငံသားကတ် (မှတ်ပုံတင်) ဖြင့်သာဆောင်ရွက်ပေးသွားမည်ဖြစ်၍ နိုင်ငံသားကတ် မရရှိသေးသူများအနေဖြင့်မိမိတို့ သက်ဆိုင်ရာ မြို့နယ်ရှိ လဝက ရုံးများနှင့် ဆက်သွယ်၍ အမြန်ဆုံးဆောင်ရွက်သွားရန်၊ မြို့နယ် အသီးသီးတွင် (ပန်းခင်း) စီမံချက်ဖြင့်ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးရရှိရေး (၃.၅.၂ဝ၂၁) ရက်နေ့မှ (၃.၁၁.၂ဝ၂၂) ရက်နေ့ အထိဆောင်ရွက်ပေးနေကြောင်း အသိပေးရှင်းလင်း ပြောကြားခဲ့သည်။

အောင်ဌေး(မလှိုင်)