ပုသိမ်ကြီး ဧပြီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာရှိ ဒုက္ခငြိမ်းရာအေးမေတ္တာ လူမှုကူညီရေးအသင်းမှ ကြီးမှူး၍ ဖွင့်လှစ်သော အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်း အနားကို ယမန်နေ့ မွန်းလွဲ ၂နာရီက အဆိုပါ အသင်းရုံး၌ ကျင်းပသည်။
ရှေးဦးစွာ ကျေးရွာဥက္ကဋ္ဌ ဦးသန်းထွန်းအေးက အဖွင့်အမှာစကားပြောကြားပြီး၊ ကွန်ပျူတာ နည်းပြ ဆရာမဒေါ်နန္ဒာဝင်း (ရွှေပုံရိပ်)က သင်တန်းသား သင်တန်းသူများအား ဆုံးမသြဝါဒ စကား ပြောကြားကာ သင်တန်းဆင်း လက်မှတ်များအား တာဝန်ရှိသူက အသီးသီး ပေးအပ် ကြသည်။ ထို့နောက် အသင်းဥက္ကဋ္ဌ ဦးအောင်ထွန်းက သင်တန်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ အဆိုပါသင်တန်းမှာ ၃ လကြာ ဖွင့်လှစ် သင်ကြားပေးခဲ့ပြီး၊ အခြေခံဘာသာရပ် (၇)မျိုးကို သင်တန်းသား ၂၆ဦးအား သင်ကြား ပေးနိုင်ခဲ့သည်။
နွေရာသီ အခမဲ့အခြေခံကွန်ပျူတာသင်တန်းသစ်အား တန်ခူးလ နှစ်ဆန်း ၃ ရက်နေ့မှစ၍ စာရင်းလက်ခံကာ လူဦးရေ အကန့်အသတ်ဖြင့် ဆက်လက်သင်ကြားပေးသွားမည်ဖြစ်ပြီး၊ တက်ရောက်လိုပါက စာရင်းပေးသွင်းရန် ဖုန်း-၀၉၉၇၅၆၆၆၆၅၇ သို့ ဆက်သွယ်၍ စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။
ဇာနည်ကိုကို (ပုသိမ်ကြီး)