စစ်တွေမြို့ပွိုင့်ကမ်းခြေနှင့် ဟိုတယ်ကမ်းခြေတို့တွင် အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိ

စစ်တွေ  ဧပြီ   ၁၁

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်၊ နှစ်သစ်ကူးရုံးပိတ်ရက်ကာလတွင် စစ်တွေမြို့ ပွိုင့်ကမ်းခြေနှင့် ဟိုတယ် ကမ်းခြေတို့တွင် အပန်းဖြေ အနားယူသူများဖြင့် စည်ကားလျက်ရှိသည်။

စစ်တွေမြို့၌ တနင်္ဂနွေနေ့များတွင် စစ်တွေမြို့ပွိုင့်ကမ်းခြေနှင့် စစ်တွေဟိုတယ်ကမ်းခြေတို့တွင် ပုံမှန်အားဖြင့် အပန်းဖြေကြသူများရှိသော်လည်း ယခုကဲ့သို့ နှစ်သစ်ကူးရုံးပိတ်ရက်များမှာ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ခရီးသွားပြည်သူများ၊ စစ်တွေမြို့ပေါ် ရပ်ကွက်အသီးသီးနှင့် စစ်တွေမြို့နယ်ကျေးရွာများမှ မိသားစုများ၊ သူငယ်ချင်းမိတ်ဆွေများသည် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် လာရောက်ရေကစား အပန်းဖြေလျက်ရှိသည်ကို တွေ့ရသည်။

“ကျနော်တို့က ဝန်ထမ်းတွေဆိုတော့ အခုလိုရုံးပိတ်ရက်လေးမှာ မိသားစုနဲ့ အပန်းဖြေပြီး ရေကစားဖို့ လာကြတာပါ၊ စစ်တွေဟိုတယ်ကမ်းခြေက သာယာအေးချမ်းပြီး ရေကစားအနားယူလို့ အလွန်ကောင်းတဲ့ ကမ်းခြေတစ်ခုဖြစ်ပါတယ်၊ မိသားစုမှာ ကလေးတွေကလည်း ငယ်သေးတော့ တခြားမြို့တွေကိုလည်း လည်ပတ်သွားလာဖို့ အဆင်မပြေဘူး၊ ဒါကြောင့် ကမ်းခြေကို ဆင်းလာတာဖြစ်ပါတယ်၊ ရုံးပိတ်ရက်လေး တွေမှာ မိသားစုကို အချိန်ပေးလို့ရတာပေါ့၊ ကမ်းခြေက သာယာတော့ ကလေးတွေလည်း ပျော်ပျော်ပါးပါး ကစားလို့ရသလို လူကြီးတွေလည်း အနားယူအပန်း ဖြေလို့ရတာပေါ့၊ အခုလိုမျိုးသာယာလှပတဲ့ စစ်တွေမြို့ပွိုင့်ကမ်းခြေကို လာရောက် လည်ပတ်ကြဖို့လည်း အနယ်နယ်အရပ်ရပ်က သူငယ်ချင်းတွေကိုလည်း ရုံးပိတ်ရက်မှာ လာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်က ဦးဟန်ဝင်းအောင် ကပြောသည်။

နှစ်သစ်ကူးရုံးပိတ်ရက်နှင့် သင်္ကြန်ကာလများတွင် ဘုရား၊ ကျောင်းကန်သွားကြသူများ၊ ရဟန်းခံ၊ ရှင်ပြုအလှူ လုပ်ကြသူများရှိသကဲ့သို့ ဝမ်းရေးအတွက် စီးပွားရှာကြသူများ၊ သင်္ကြန်ရေပက် ကစားကြသူများလည်းရှိသည်။ ထို့အပြင် မိသားစုဝင်များ၊ သူငယ်ချင်းမိတ်ဆွေများနှင့်အတူ စစ်တွေမြို့၊ ပွိုင့်ကမ်းခြေနှင့် ဟိုတယ်ကမ်းခြေတွင် ပျော်ရွှင်စွာ အနားယူ အပန်းဖြေလျက်ရှိ ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)