ရမည်းသင်း ဧပြီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ ဝါတိုးဈေးကုန်းရပ်ကွက်ရှိ မြို့မဈေး၏မြောက်ဘက် စည်ပင်သာယာလမ်း၊ ဇော်စိန်ရွှေရတနာဆိုင်တွင် ယနေ့မွန်းတည့် ၁၂ နာရီခွဲခန့်က ရွှေဆွဲကြိုးဝယ်မည်ဟုဆိုကာ အလေးချိန်တစ်ကျပ်သားရှိသည့် ဆွဲကြိုး (၅)ကုံး ပြခိုင်းပြီး လုယက်ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ လုယက်ထွက်ပြေးသူအား ဇော်စိန်ရွှေရတနာဆိုင်အနီး မျိုးချစ်(ဆံသ)ဆိုင်ရှိ ဦးချစ်ခင်မှ တားဆီးဖမ်းဆီးရာ ရွှေဆိုင်မှ လုယက်ထွက်ပြေးလာသူက အသင့်ပါလာသည့်ဓားဖြင့် ထိုးသည့်အတွက် ဦးချစ်ခင်၏ ဝဲဘက်လက်မောင်းတွင် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း၊ လုယက်ထွက်ပြေးသူအား အနီးရှိပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ လုယက်ထွက်ပြေးသူမှာ ရမည်းသင်းမြို့၊ ဝါတိုးရပ်အရှေ့ရပ်ကွက်နေ ဘိုဘိုဟိန်းဖြစ်နေပြီး မြို့မရဲစခန်း၌ ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဓားဒဏ်ရာ ရရှိခဲ့သည့် ဦးချစ်ခင်အား ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)