ကွမ်းခြံကုန်းမြို့နယ်တွင် မိုးစပါးရာသီသစ်စိမ်မြေသြဇာ ပိုက်ဆံလျှော်ကြဲပက်ပွဲ ကျင်းပ

ကွမ်းခြံကုန်း ဧပြီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ​ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ၂၀၂၂-၂၀၂၃ မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်ကြဲပက်ပွဲကို တောင်သူဦးသိန်းအေး၏ ကွင်းအမှတ် ၃၇၂၊ ဦးပိုင်အမှတ် ၈/၆/ ရှိလယ်မြေတွင် ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လယ်ယာစိုက်ပျိုးမြေများတွင် သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်စိုက်ပျိုးခြင်းဖြင့် အချိန်တိုကာလအတွင်း သစ်စိမ်းမြေသြဇာ၊ ဇီဝမြေသြဇာနှင့် သစ်ဆွေးဓာတ်များ ရရှိနိုင်၍ လယ်ယာမြေအတွင်းရှိ ပေါင်းပင်များကို နှိမ်နင်းနိုင်ပြီး အကျိုးပြု အနုဇီဝပိုးများ၊ မြေဆီလွှာအတွင်းရှိ အကျိုးပြု သက်ရှိများကိုလည်း အသက်ရှင် တိုးပွား စေနိုင်ကြောင်း၊  ပိုက်ဆံလျှော် သီးနှံစိုက်ပျိူးရာတွင် ရာသီဥတုအခြေအနေ ပေးပါက တစ်ဧကလျင် သစ်စိမ်းမြေသြဇာ (၅)တန်မှ (၇)တန်အထိ ရရှိနိုင်ပြီး ပုလဲဓာတ်မြေသြဇာ(၂)အိတ်နှင့် ညီမျှသော နိုက်ထရိုဂျင်ဓာတ်များ ရရှိနိုင်ကြောင်း၊ ဓာတ်မြေသြဇာသုံးစွဲမှုအား လျှော့ချနိုင်ပြီး သဘာဝ ပတ်ဝန်းကျင်ရှိ မြေဆီလွှာနှင့် ရေတို့ကို ဓာတုအဆိပ်သင့်မှု လျော့နည်းစေကာ မြေဆီလွှာ၏ ချဉ်ငံဓာတ် ကိုလည်း ထိန်းညှိပေးသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်းနှင့် ပိုက်ဆံလျှော်သီးနှံ စိုက်ပျိုးခြင်း အကျိုးကျေးဇူးများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနဦးစီးမှူး ဦးကြည်စိန်က တောင်သူများအား အသိပညာပေး ပြောကြား၍ ပိုက်ဆံလျှော်ကြဲပက် စိုက်ပျိုးခဲ့ကြသည်။

အဆိုပါ သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်ကြဲပက် စိုက်ပျိုးပွဲသို့  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးသီဟန်ထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

(ဆွေနွယ်IPRD)