သင်္ကြန်ရုံးပိတ်ရက်ကာလနှင့် ရှေးဟောင်းသမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ တန်ခူးလပြည့် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဖူးမြော်ချိန်ကို ပုံမှန်အတိုင်း ဖွင့်လှစ်ထားမည်

တွံတေး ဧပြီ  ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူ ကိန်းဝပ်တော်မူသော ဆံကေသာဓာတုရွှေဆံတော်စေတီတော်မြတ်ကြီး၌ သင်္ကြန်ရုံးပိတ်ရက် ကာလနှင့် ဗုဒ္ဓပူဇနိယပွဲတော်အတွင်း အများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော် ကြည်ညိုနိုင်စေရန်၊ ဥပုသ်သီလစောင့်တည်နိုင်ရန်အတွက် ဘုရားဖူးချိန်အား ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း ရွှေဆံတော်ဘဏ္ဍာတော်ထိန်းဂေါပက ဥက္ကဋ္ဌထံမှ သိရှိရသည်။

ရွှေဆံတော်စေတီတော်မြတ်ကြီးအား ဘုရားဖူးပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် စနေ၊ တနင်္ဂနွေနှင့် အများပြည်သူရုံးပိတ်ရက်(အစိုးရရုံးပိတ်ရက်) များတွင် နံနက်(၅)နာရီမှ ည(၆)နာရီအထိ ဖူးမြော်ချိန် တိုးမြှင့်ဖွင့်လှစ်ပေးခဲ့သော်လည်း ရုံးပိတ်ရက်မဟုတ်သည့် ပုံမှန်နေရက်များတွင် နေ့စဉ် နံနက် (၆)နာရီမှ ညနေ (၆)နာရီအထိ ဖွင့်လှစ်ထားခဲ့ပြီးဖြစ်ရာ ယခုအခါရွှေဆံတော်စေတီတော်မြတ်ကြီးကို အများပြည်သူ စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်ရန် သင်္ကြန်ရုံးပိတ်ရက်ကာလနှင့် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ တန်ခူးလပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် တိုက်ဆိုင်နေသောကြောင့် မိဘပြည်သူများ သင်္ကြန်နှင့် ဘုရားပွဲတော်ကာလအတွင်း အဓိဋ္ဌာန်ဝင် တရားအားထုတ် ဘာဝနာပွားများလိုသူများ၊ သီလဆောက်တည်လိုသူများ စေတီတော်မြတ်ကြီးအား အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်စေရန် ဘုရားဖူးချိန်အား ပုံမှန်အတိုင်းဆက်လက်ဖွင့်လှစ်ထားရှိမည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လာရောက်ဖူးမြော်နိုင်ပါကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

တွံတေးသား