ကြည့်မြင်တိုင်မြို့နယ်တွင် Mask တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပ ထွက်ခွာသူများအား စစ်ဆေး ဆောင်ရွက်

ကြည့်မြင်တိုင် စက်တင်ဘာ ၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေးနှင့် ကာကွယ် ထိန်းချုပ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီက မြို့နယ်အတွင်း လူစည်ကားရာလမ်းများတွင် mask တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပ ထွက်ခွာသူများအား စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေးနှင့် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပထွက်ခွာလာသူများမှ mask နှာခေါင်းစည်း  တပ်ဆင် ထားခြင်းရှိ၊ မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး mask တပ်ဆင် ထားခြင်းမရှိသည့် ပြည်သူ(၈)ဦးအား ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဥပဒေနှင့်အညီ စစ်ဆေးအရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ကြည့်မြင်တိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီသည် mask နှာခေါင်းစည်း တပ်ဆင်ရေးအတွက် mask campaign များပြုလုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက် ခဲ့ပြီးဖြစ်ကြောင်းသိရှိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)