မဘိမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မဘိမ်း     စက်တင်ဘာ    ၂                

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်နိုင်ရေးအတွက် ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ရှိန်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်မှ ကိုဗစ်-၁၉ ရောဂါ ပြည်တွင်း ကူးစက်မှုများပြားလာသည့်အတွက် မြို့နယ်အတွင်း ကူးစက်မှုမ ဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အစည်းများက အသိပညာပေးလုပ်ငန်းများနှင့် မြို့ဝင်မြို့ထွက်နေရာများတွင် ကျန်းမာရေးစစ်ဆေးခြင်းများကို စည်းစည်းလုံးလုံးနှင့် ပူးပေါင်း ဆောင်ရွက်သွားခြင်းဖြင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဆက်လက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များက ကြိုတင် ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် မြို့ဝင်မြို့ထွက်နေရာများတွင် ကျန်းမာရေးစစ်ဆေး ရေးဂိတ်များ စနစ်တကျပြန်လည်ဖွင့်လှစ်နိုင်ရေး၊ မော်တော်ယာဉ်လိုင်းများအား အဝင်အထွက် စစ်ဆေးခြင်း၊ မြို့နယ်ခန်းမအား Quarantine Center ပြန်လည်ဖွင့်လှစ် နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရေး၊ ပြည်သူများအား အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် စားသောက်ဆိုင် များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဖွင့်လှစ် ရောင်းချစေရေးအတွက် စစ်ဆေးခြင်း စသည့်လုပ်ငန်းများကို တင်ပြ ဆွေးနွေးကြရာ တင်ပြချက်များအပေါ် မြို့နယ်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)