သံတွဲ ဧပြီ ၁၀
ပရဟိတ သိမ်ကုန်းဆရာတော်ဦးဆီးတည်ထောင်သော အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက သံတွဲမြို့နယ် မြုံပြင်ကျေးရွာအုပ်စု၊ ဗားတောင်းတောင်ရှိ အဆိုပါစက်ရုံရှေ့၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သိမ်ကုန်းကျောင်းတိုက်ဆရာတော်ဘဒ္ဒန္ဒတေဇိန္ဒ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦး ဆီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး ဝင်းဗိုလ်၊ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းသန့်ကျော်၊ အဆောက်အဦ အလှူရှင် ဦးခင်မောင်တို့က အောက်ဆီဂျင်စက်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးနာယက သိမ်ကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္ဒတေဇိန္ဒက အဖွင့်ဩဝါဒစကား မိန့်ကြားတော်မူပြီး၊ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းသန့်ကျော်က အောက်ဆီဂျင်စက်ရုံ ဖြစ်ပေါ်လာရခြင်းနှင့် ပတ်သက်၍ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝင်းဗိုလ် နှင့် မြို့မိမြို့ဖ ဦးဖိုးရီအောင်တို့က ကျေးဇူးတင်စကားပြောကြားခဲ့ကြသည်။
ပြီးနောက် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအတွက် အများဆုံးလှူဒါန်းပေးသော အလှူရှင် ဦးခင်မောင်နှင့် ဇနီးဒေါ်သီတာတိုး (ကောင်းမြတ်အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးမိသားစု)နှင့် KTK Electrical Enginnering Co.Ltd မိသားစုတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးလှဟန်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါက်တာစိုးမြင့်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော် သန်းနှင့် တာဝန်ရှိသူများသည် အောက်ဆီဂျင်စက်ရုံအတွင်း အောက်ဆီဂျင် ထုတ်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံကို ၂၃-၇-၂၀၂၁ရက်နေ့တွင် စတင်ဆောက်လုပ်ပြီး ၉-၁၁-၂၀၂၁ ရက်နေ့တွင် စတင်စမ်းသပ်ထုတ်လုပ်နိုင်ခဲ့သည်။ ထိုသို့စက်ရုံတည်ဆောက်ရာတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းငွေကျပ်သိန်း (၁၀၀)အပါဝင် အလှူရှင်များ စုပေါင်းလှူဒါန်းမှုများဖြင့် စုစုပေါင်း ကျပ်သိန်း(၁၅၀၀)အကုန်အကျခံတည်ဆောက်နိုင်ခဲ့ပြီး ယခုအခါ တစ်ရက်လျှင် အောက်ဆီဂျင် ၄၀လီတာအိုး (၁၂၀)ထုတ်လုပ်နိုင်သည့် သံတွဲမြို့နယ်ရှိအကြီးဆုံးစက်ရုံတစ်ခုဖြစ်ပြီး အဆိုပါစက်ရုံမှထွက်ရှိလာသည့် အောက်ဆီဂျင်များကို သံတွဲမြို့နယ်အပြင် ကျိန္တလီမြို့၊ ဆပ်သွား တိုက်နယ်ဆေးရုံနှင့် ဂွမြို့အတွင်းရှိ ကို-၁၉ လူနာများအပြင် အောက်ဆီဂျင်လိုအပ်သော လူနာများ အတွက် အခမဲ့ ထုတ်လုပ် လှူဒါန်းပေးလျက်ရှိကြောင်း၊ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းသန့်ကျော်ထံမှ သိရှိရသည်။
သန့်ဇင်(ခရိုင်ပြန်/ဆက်)