ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးကျေးရွာ၌ အဋ္ဌမအကြိမ်မြောက် တန်းခိုးဆရာထွန်း စာပေဆုချီးမြှင့်ပွဲ ကျင်းပ

ပုဏ္ဏားကျွန်း ဧပြီ ၁၀

အဋ္ဌမအကြိမ်မြောက် တန်းခိုးဆရာထွန်းစာပေ ဆုချီးမြှင့်ပွဲကို ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ဆရာထွန်း၏ ဇာတိမွေးရပ်မြေ တန်းခိုးကျေးရွာရှိ တန်းခိုးဆရာထွန်း စာကြည့်တိုက်ရှေ့ကွင်းပြင်၌ ယမန်နေ့၊ ညနေ(၈) နာရီက ကျင်းပပြုလုပ်ရာ တစ်သက်တာစာပေဆု၊ ဂီတစာဆိုဆု၊ ဆောင်းပါးဆု၊ ဝတ္ထုဆု၊ ကဗျာဆုနှင့်ကလေးကဗျာဆုများကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ရှေးဦးစွာ တန်းခိုးဆရာထွန်းစာပေဆုချီးမြှင့်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ စစ်တွေသိန်းနောင်က စာပေဆီမီးထွန်းညှိပြီး၊ ကျင်းပရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဆရာစစ်တွေညိုသန့်က တန်းခိုးဆရာထွန်းအား ဂုဏ်ပြုချီးမြှင့်မင်္ဂလာရတုဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါစာပေဆုချီးမြှင့်ပွဲတွင် တစ်သက်တာစာပေဆုကို ရန်ကုန်မြို့မှ ဆရာကြီးဖိုးကျော့က လည်းကောင်း၊ ဂီတစာဆိုဆုကို တေးရေးဆရာ ကိုထွန်းလှိုင်(စစ်တွေ)မှ လည်းကောင်း၊ ဆောင်းပါးဆုကို ဆရာ ဇော်လွင်ဦး(ဟင်္သာတ)မှလည်းကောင်း၊ ဝတ္ထုဆုကို စာရေးဆရာမ မေလှိုင်းဖြူ(သံတွဲ)မှ လည်းကောင်း၊ ကဗျာဆုကိုကဗျာဆရာ မောင်ကြီး (ဖွံဖြိုးရေးသိပ္ပံ)မှလည်းကောင်း၊ ကလေးကဗျာဆုကို ကဗျာဆရာ ဈာန်ဟိန်း(မြောင်းဘွယ်)မှလည်းကောင်း အသီးသီးရရှိခဲ့ကြပြီး၊စာပေဆုချီးမြှင့်ရေး ကော်မတီမှ ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များအား ချီးမြှင့်ပေးအပ်ကြခဲ့သည်။

“တန်းခိုးဆရာထွန်းကို ဂုဏ်ပြုချင်တဲ့ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်နယ်တွင် ထူးချွန်ထက်မြက်တဲ့ စာပေသမားတွေ၊ စာရေးဆရာတွေ ၊ ဂီတပညာရှင်တွေ စဉ်ဆက်မပြတ်ပေါ်ထွန်းစေချင်တဲ့ ရည်ရွယ် ချက်လည်းပါတယ်၊ ရခိုင်တွေရဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်များမြင့်မားစေဖို့အတွက် တစ်စိုက်မတ်မတ် ရေးသားထုတ်ဝေခဲ့တဲ့ စာရေးဆရာတွေကို ဂုဏ်ပြုချင်တဲ့ ရည်ရွယ်ချက်တို့ဖြင့် တန်းခိုးဆရာထွန်း စာပေဆုချီးမြှင့်ပွဲကို ကျင်းပရခြင်းဖြစ်ပါတယ်”ဟု စာပေဆုချီးမြှင့်ရေးကော်မတီအထွေထွေအတွင်း ရေးမှူး စာရေးဆရာ လွမ်းပြေအောင်(စစ်တွေ)ကပြောသည်။

ဆောင်းပါးဆုရှင် ဆရာဇော်လွင်ဦး(ဟင်္သတ)က “ကျွန်တော်ဆုတွေ အများကြီးရခဲ့ ဖူးပါတယ်၊ ဒါမေမေ့ ဒီဆုရတာ အပျော်ဆုံးပါပဲ၊ ကျနော်က ရခိုင်ဒေသမှာ သွားရေး လာရေး ခက်ခဲတယ်ဆိုတာကို ငယ်ငယ်တုန်းကဖတ်ဖူးတယ်၊ ကျနော် ရခိုင်ပြည်ကို အလည်လာတော့ စာမှာဖတ်ရသလောက် မခက်ခဲမှန်းသိတော့ စာဖတ်သူတွေကို သိစေချင်တဲ့စေတနာနဲ့ ရခိုင်ခရီးစဉ်ဟာ ကောင်းကြောင်း ဖော်ပြပေးချင်လို့ ဒီခရီးသွားဆောင်းပါးကို ရေးဖြစ်တာပါ” ဟုပြောသည်။

တန်းခိုးဆရာထွန်းစာပေဆုချီးမြှင့်ပွဲကို ၂၀၁၁ ခုနှစ်ကစတင်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ၂၀၁၂ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၂၀၁၅ ခုနှစ်တွင် တတိယအကြိမ်၊ ၂၀၁၆ ခုနှစ်တွင် စတုတ္ထအကြိမ်၊ ၂၀၁၇ ခုနှစ်တွင် ပဉ္စမအကြိမ်၊ ၂၀၁၈ ခုနှစ်တွင် ဆဋ္ဌမအကြိမ်၊ ၂၀၂၁ ခုနှစ် တွင် သတ္တမအကြိမ်နှင့် ၂၀၂၂ ခုနှစ်တွင် အဌမအကြိမ်အဖြစ်ကျင်းပခဲ့ခြင်းဖြစ်သည်။

တန်းခိုးဆရာထွန်းသည် ဝတ္ထု၊ ကဗျာ၊ ဆောင်းပါးနှင့်ရတုအပါအဝင် စာအုပ်ပေါင်း ၆၀ ကျော်ကို ရေးသားထုတ်ဝေခဲ့သူ တစ်ဦးဖြစ်ပြီး၊ ဗြီတိသျှ အစိုးရလက်ထက်က ရခိုင်ပြည်၌ ပြိုင်စံရှားသော ရခိုင်စာဆိုပညာရှင်တစ်ဦးလည်းဖြစ်သည်။ ၎င်းမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းခိုးကျေးရွာဇာတိဖြစ်ပြီး အသက် ၇၀ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ တန်းခိုး ဆရာထွန်း စာပေဆုသည် ရခိုင်ပြည်နယ်တွင် အကြီးမားဆုံး စာပေဆု အမျိုအစား ဖြစ်ပြီး၊ အနယ်နယ်အရပ်မှ ရဟန်း၊ သံဃာတော်များ၊ စာရေးဆရာ/ ဆရာမများအပါအဝင် ဒေသခံပြည်သူ ၃၀၀ ကျော်တက်ရောက်ကာ တန်းခိုးဆရာထွန်းစာပေဆုကို ဆရာထွန်း၏ ဇာတိမွေးရပ်မြေ တန်းခိုးကျေးရွာတွင် နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)