ပျဉ်းမနား ဧပြီ ၁၀
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ပြီး အားကစားစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလစွမ်းအားများ ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရေးနှင့် ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများ ပေါ်ထွက်လာပြီး ပိုက်ကျော် ခြင်း အားကစားအဆင့်အတန်း ပိုမိုမြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ အလွတ်တန်း ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ (၄)နာရီတွင် လူထုအခြေပြုဗဟိုဌာန (ပျဉ်းမနား)၌ ကျင်းပသည်။
တတိယလုပွဲတွင် ပျဉ်းမနား(၁) အသင်းနှင့် A-3000 အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ A-3000 အသင်းက(၂)ပွဲနိုင်ဖြင့် တတိယဆုရရှိခဲ့ပြီး ဗိုလ်လုပွဲတွင် ပျဉ်းမနား(၂)အသင်းနှင့် စိန်ဝေနန်း အသင်းတို့ယှဉ်ပြိုင် ကစားကြရာ ပျဉ်းမနား(၂)အသင်းက (၂)ပွဲပြတ်ဖြင့် ဗိုလ်စွဲ သွားသည်။
ဆက်လက်၍ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပရာ နေပြည်တော်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး (တာဝန်ပေး) ဒေါ်သင်းသင်းဇင်က ပျဉ်းမနားမြို့နယ် ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ဒိုင်လူကြီးမျာအား လည်းကောင်း၊ လူငယ် ဘက်စုံ အားကစားပြိုင်ပွဲများ ဆောင်ရွက်ရန်အတွက် ငွေကျပ်(၁၅၀၀၀၀)ကျပ် လှူဒါန်းသည့် အလှူရှင်အားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်သည်။
ထို့နောက် ဆုရရှိသည့်အသင်းများအား နေပြည်တော်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး (တာဝန်ပေး) ဒေါ်သင်းသင်းဇင်နှင့် တာဝန်ရှိသူများကဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အလွတ်တန်းဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းမှ ပြိုင်ပွဲဝင်အသင်း(၁၂)သင်းတို့အား အုပ်စု(၄)အုပ်စုခွဲ၍ ပတ်လည်ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆု (၂၀၀၀၀၀/-)ကျပ်၊ ဒုတိယဆု(၁၅၀၀၀၀/-)ကျပ်၊ တတိယဆု (၁၀၀၀၀၀/-) ကျပ်နှင့် အထူးဆု (၅၀၀၀၀/-)ကျပ်နှင့် အကောင်းဆုံးကစားသမားဆုများကို ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။
ခန့်ဝင်းကျော်(ပြန်/ဆက်)