မူဆယ် ဧပြီ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်လုံးကျွတ်(ပထမအကြိမ်) ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို မြို့ဝင်မီးပွိုင့်လမ်းလေယာဉ်ကွင်းနှင့် သိန်းသန်းချီကားကြီးကွင်းသွားရာ လမ်းတစ်လျှောက်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က စည်ကားသိုက်မြိုက်စွာ လောင်းလှူခဲ့ကြသည်။
အဆိုပါ လောင်းလှူမှုကို မူဆယ်ခရိုင်အုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့်တကွ ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ စေတနာရှင် ပြည်သူများက ပထမဆုံး လွယ်တိန်းခမ်းဆရာဆော် ဘဒ္ဒန္တသုခမိန္ဒ (အဂ္ဂမဟာကမ္မဌာနစရိယ)ထံမှ ငါးပါးသီလ ခံယူတည်ဆောက်ပြီး သံဃာတော်အရှင်သူမြတ်တို့ထံမှ မေတ္တာသုတ်ပရိတ်တရားတော်နာယူခဲ့ကြသည်။ ဆက်လက်၍ လွယ်တိန်းခမ်းဆရာဆော် ဘဒ္ဒန္တသုခမိန္ဒ (အဂ္ဂမဟာကမ္မဌာနစရိယ)ထံမှတရားနာယူ၍ ရေစက်ချအမျှဝေခြင်း၊ ရတနာမြတ်သုံးပါးအား ရှိခိုးကန် တော့ခြင်းများ ပြုလုပ်သည်။ ထို့နောက် ဘုရားအမှူးပြုသော သံဃာတော်များ၊ သာမဏေနှင့် သီလရှင်အပါး(၁၀၀၀)တို့အား လှူဖွယ်ဝတ္ထုနှင့်ဆွမ်းဆန်စိမ်းများကို ဌာနဆိုင်ရာများ၊ ပရဟိတအသင်း အဖွဲ့များ၊ မြို့မိ/မြို့ဖများ၊ ရပ်ကွက်များရှိစေတနာရှင် ပြည်သူများက စည်းကားသိုက်မြိုက်စွာ လောင်းလှူခဲ့ကြောင်း သိရသည်။
ဇင်မောင်(မူဆယ်)