မအီ ဧပြီ ၁၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မအီမြို့၊ အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်နေပြည်သူများကို မအီမြို့၊ အထက်တန်းကျောင်း တွင်စုရပ်ထားရှိပြီး မအီမြို၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းနှင့် ဝန်ထမ်း များက ယနေ့နံနက် ၈ နာရီမှ ညနေ ၃ နာရီအချိန်ထိ ဆက်လက်ထိုးနှံပေးခဲ့ရာ အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူ(၃၀၂)ဦးကို ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ထိုးနှံဆောင်ရွက်လျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ပြည်သူများအား ကျေးရွာများ အရောက် ကွင်းဆင်း၍ ဧပြီလကုန်အတွင်း ရာနှုန်းပြည့်ပြီးစီးအောင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသ ဝေးလံခေါင်ဖျားဒေသများတွင်နေထိုင်သည့် မိဘ ပြည်သူများအပါအဝင် မည်သူတစ်ဦးတစ်ယောက်မှ မကျန်ရစေဘဲ အသက် ၁၈ နှစ်နှင့် အထက် မိဘပြည်သူများနှင့် အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ် အထိ အခြေခံပညာကျောင်းသူ/ ကျောင်းသား များအပါအဝင် ဦးတည်အုပ်စုအားလုံးကို ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပေးနိုင်ရေးကို အရှိန်အဟုန်မြှင့် အလေးထားဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးမထိုးနှံရ သေးသော မိဘပြည်သူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများနှင့် ဆက်သွယ်ပြီး ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးရေးကို အလေးထား၍ တက်ကြွစွာ ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
မောင်မောင်ဌေး (ပြန်/ဆက်)