မာန်အောင် ဧပြီ ၉
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့မှ ရေမိုင် (၆) မိုင်ခန့်အကွာတွင် ယနေ့နံနက် ၇ နာရီ ၅၀ မိနစ်အချိန်ခန့်က ဓနိတင်ဆောင်လာသည့် စက်လှေတစ်စီးနစ်မြုပ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တောင်ကုတ်မြို့နယ် ပတင်းကျွန်းကျေးရွာမှ မာန်အောင်မြို့နယ် ချောင်းဝကျေးရွာသို့ ရေယာဉ်မောင်း ဦးမင်းရွှေ (ခ) ရွှေလုံး (၄၃) နှစ် မောင်းနှင်လာသည့် AMEC အမျိုးအစား၊ မြင်းကောင်ရေ ၃၂ ကောင်တပ် စက်လှေသည် ဓနိချပ်ရေ ၁၃၀၀၀ ခန့်နှင့် လူ (၅) ဦးတင်ဆောင်လာပြီး ယနေ့နံနက် ၄ နာရီက တောင်ကုတ်မြို့နယ် မကျည်းတောအမြန်ယာဉ်ဆိပ်ကမ်းမှ ထွက်ခွာလာရာ မာန်အောင်မြို့နှင့် ရေမိုင် (၆) မိုင်ခန့်အရောက်တွင် စက်လှေဝမ်းဗိုက်ပေါက်ထွက်၍ ရေဝင်နစ်မြုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစက်လှေနစ်မြုပ်နေစဉ် တောင်ကုတ်မြို့မှ မာန်အောင်မြို့သို့ထွက်ခွာလာသော ရွှေပြည်တန်နှင့် ရွှေလင်းယုန်အမြန်ယာဉ်တို့မှတွေ့ရှိကာ ရွှေလင်းယုန်အမြန်ယာဉ်ဖြင့် ၃ ဦး၊ ရွှေပြည်တန်အမြန်ယာဉ်ဖြင့် ၂ ဦးသယ်ဆောင်လာခဲ့ပြီး၊ စက်လှေပေါ်ပါရှိသည့် ဓနိချပ်ရေ ၁၃၀၀၀ ခန့်အနက် ၃၀၀၀ ခန့်မှာ ပင်လယ်ထဲ မျောပါပျက်စီးသွားကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)