ညောင်ဦး ဧပြီ ၉
ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ မြန်မာပြည်ရပ်ရပ်မှ ဘုရားဖူးလာရောက်ကြရာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ သမိုင်းအထင်ကရဘုရားများတွင် သင်္ကြန်အကြိုကာလအတွင်း ဘုရားဖူး လာရောက်သူ ၁၀၀၀၀ ဦးခန့် လာရောက်ဖူးမြော် လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန၊ တာဝန်ရှိသူများထံက သိရသည်။
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သင်္ကြန်ကာလ ရုံးပိတ်ရက်များတွင် ဘုရားဖူးလာရောက်သူ များပြားနေပြီး ရွှေစည်းခုံဘုရားကြီးသို့ ဘုရားဖူး လာရောက်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်နိုင်ရန် သာမန်ရက်များတွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ ဖွင့်လှစ်ထားပြီး အခါကြီးရက်ကြီးများတွင် နံနက် ၅ နာရီမှ ည ၈ နာရီအထိ ဖွင့်လှစ် ဖူးမြော်စေလျက်ရှိကြောင်း သိရသည်။ ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် မြန်မာပြည် အရပ်ရပ်မှ ဘုရားဖူးလာရောက်သူ များပြားလျက်ရှိပြီး ဂေါပကဥက္ကဋ္ဌ ထားရှိသည့် ဘုရားများဖြစ်သော တုရင်တောင်စွယ်တော်မြတ်စေတီ၊ လောကနန္ဒာစွယ်တော် မြတ်စေတီ၊ ရွှေစည်းခုံဘုရား၊ ကျောက်ဂူ ဥမင်ဘုရား၊ ငှက်ပစ်တောင်ဘုရား၊ ဗူးဘုရား၊ အာနန္ဒာဘုရား၊ သဗ္ဗညုဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ မနုဟာဘုရား၊ ရွှေဆံတော်ဘုရား၊ အလိုတော်ပြည့်ဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊ ဓမ္မရာဇက ဘုရား၊ ပြဿကြီးဘုရား၊ မဟာဗောဓိဘုရား၊ ထီးလိုမင်းလိုဘုရား၊ မြစေတီဘုရားများတွင် ဘုရားဖူးများ စည်ကားနေပြီး၊ သမိုင်းဝင်ဘုရားများဖြစ်သည့် နဂါးရုံဘုရား၊ စိုးမင်းကြီးဘုရား၊ စိုးမင်းကြီးအုတ်ကျောင်း၊ အပါယ်ရတနာဘုရား၊ ငကျွဲနားဋောင်းဘုရား၊ ပုထိုးသားများဘုရား၊ ခေမင်္ဂဘုရားဝင်း၊ ရင်မနား ဘုရားဝင်း၊ သိကြားပုန်းဘုရား၊ သိကြားဟစ်ဘုရား၊ တာမဏီသိမ်းကျောင်း၊ မင်းနန်းသူ ဘုရားသုံးဆူ၊ တရုတ်ပြေး ဘုရားခေါ် နရသီဟပတေ့ဘုရား၊ သံမ္ဘူလဘုရား၊ သစ္စာဝတီဘုရား၊ အနုမြူကပ်ကျော်ဘုရား၊ မျက်တော်ပြေ ဘုရား၊ အင်ကြင်းဂူဘုရား၊ ဗူးလည်သီးဘုရား၊ ရွာဟောင်းကြီးဘုရား၊ ဝတ္တနထောဘုရားဝင်း၊ ဆူးလေကုန်း ဘုရားစု၊ ရှင်အဇ္ဇဂေါနဘုရား၊ ဂူနီဘုရားခေါ်ကူးနီးဘုရား၊ ခြောက်ဘုရားလှဘုရားများတွင်လည်း မြန်မာပြည်ရပ်ရပ်မှ ဘုရားဖူး လာရောက်သူများက ရှေးဟောင်းနံရံဆေးရေးပန်းချီများ၊ ကနုတ်ပန်း၊ ကျောက်ဆစ်ပန်း၊ အင်္ဂတေများအား စိတ်ဝင်တစား လေ့လာမှုများပြားလာခဲ့ကြောင်းသိရပြီး ယခုရက်ပိုင်းတွင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူ ၃၅၀၀ ဦးကျော် လာရောက် ဖူးမြော်လျက်ရှိပြီး ဂေါပကအဖွဲ့ထားရှိသည့် ဘုရား ၁၉ ဆူတွင် ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဝင်ရောက်ဖူးမြော်စေကြောင်း သိရသည်။
ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လေးကြောင်းခရီးဖြင့် လာရောက်ကြခြင်း၊ ကိုယ်ပိုင် ကားများ၊ ခရီးသွားလုပ်ငန်းကားများဖြင့် လာရောက်ကြကာ သင်္ကြန်အကြိုကာလအတွင်း ခရီးသွား ဘုရားဖူးဧည့်သည် အဝင်များလျက်ရှိပြီး e bike ၊ မြင်းလှည်၊ တုတ်တုတ် (ခေါ်) မီနီအိုးဝေများ၊ Tour ကားများ အငှားလိုက်ရပြီး ဝင်ငွေကောင်းနေကြကာ စားသောက်ဆိုင်များလည်း ဘုရားဖူးများခြင်းကြောင့် ရောင်းအား ကောင်းနေကြကြောင်း သိရသည်။
ကိုထိန်၊KPD