ရန်ကုန် ဧပြီ ၉
ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) ကြီးကြပ်မှုအောက်ရှိ ရန်ကုန် (ပန်းဆိုးတန်း-ဒလ) သို့ ပြေးဆွဲပေးနေသော ချယ်ရီသင်္ဘောသည် သင်္ကြန်ရုံးပိတ်ရက် ကာလအတွင်း အများပြည်သူများ စိတ်အေးချမ်းသာစွာ သွာရေးလာရေး အဆင်ပြေချောမွေ့ လွယ်ကူစေရန်အတွက် သင်္ဘောခေါက်ရေ ပြောင်းလဲပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် (ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်းသည်၊ ဒလမြို့နယ် ဒေသခံပြည်သူများ အပါအဝင် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များအပြင်၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများနှင့် စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့သို့ ဝင်/ထွက်သွားလာနေကြသော အများ ပြည်သူများအား ကမ်းရိုးတန်းမြစ်တွင်းသွား ချယ်ရီသင်္ဘောရေယာဉ်ဖြင့် နေ့စဉ်ပုံမှန်ပြေးဆွဲ ပို့ဆောင် ပေးလျက်ရှိရာ၊ (ပန်းဆိုးတန်း-ဒလ) သင်္ဘောခရီးစဉ်များကို ရုံးဖွင့်ရက်များနှင့် ရုံးပိတ်ရက်များတွင် အသွားခေါက်ရေ (၄၂) ခေါက်၊ အပြန်ခေါက်ရေ(၄၂)ခေါက်နှုန်းဖြင့် ဒလဆိပ်ကမ်းမှစတင်ထွက်ခွာချိန်နံနက် ၅ နာရီခွဲမှ ည ၇ နာရီခွဲအထိလည်ကောင်း၊ ပန်းဆိုးတန်းဆိပ်ကမ်းမှ နံနက် ၆ နာရီမှ ည ၈ နာရီအထိ လည်ကောင်း၊ သင်္ဘောရေယာဉ်ခရီးစဉ်များဖြင့် ပုံမှန်ပြေးဆွဲပေးလျက်ရှိသည်။
အဆိုပါ သင်္ဘောဆိပ်ကမ်းသည် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများစွာကို မြစ်တွင်းသွား ချယ်ရီသင်္ဘောများဖြင့် နေ့စဉ်ပုံမှန်ပို့ဆောင်ပေးနေသော သင်္ဘောဆိပ်ကမ်း တစ်ခုဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ လက်ရှိအချိန်ထိ ခရီးသည်များသွားလာမှုအပေါ် မူတည်ပြီးရေယာဉ် ခရီးစဉ်များကို ပြောင်းလဲသက်မှတ်၍ ပြေးဆွဲပို့ဆောင်ပေးလျက် ရှိသည်။
၂၀၂၂-ခုနှစ် သင်္ကြန်ရုံးပိတ်ရက် ကာလအတွင်း ခရီးသွားပြည်သူများနှင့် ကုန်ပစ္စည်းများ တင်ပို့မှု လျော့နည်း လာသဖြင့် သင်္ဘောခရီးစဉ်ကို အသွားခေါက်ရေ (၂၀)၊ အပြန်ခေါက်ရေ (၂၀) နှုန်းဖြင့် ဒလဆိပ်ကမ်းမှ စတင်ထွက်ခွာချိန် နံနက်(၆)နာရီမှ ည(၇)နာရီအချိန်အထိ လည်းကောင်း၊ ပန်းဆိုးတန်း ဆိပ်ကမ်းမှနံနက် ၆ နာရီခွဲမှည ၇ နာရီခွဲအချိန်အထိလည်ကောင်း၊ သင်္ဘောရေယာဉ် ခရီးစဉ်များကို ပြောင်းလဲသက်မှတ်၍ ပြေးဆွဲပေးမည်ဖြစ်ကြောင်း ခရီးသွားပြည်သူများ သိရှိနိုင်စေရန်အတွက် သင်္ဘောဆိပ်ကမ်းရှိ လက်မှတ်ရုံ ဝင်ပေါက်တွင် အသိပေးဗီနိုင်းများဖြင့် ကြေညာထားသည်။
သင်္ကြန်ရုံးပိတ်ရက်ကာလ ပြီးဆုံးပါက သင်္ဘောခေါက်ရေ ခရီးစဉ်များ ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲ ပေးမည်ဖြစ်ပြီး ယခုအချိန်တွင် ရေယာဉ်ဖြင့် သွားလာနေရသော သမ္ဗာန် ယာဉ်စီးခများ မြင့်တက် နေချိန်တွင် သင်္ဘောယာဉ်စီးခမှာ ယခင်အတိုင်း တစ်ဦးလျှင် (၁၀၀) ကျပ်ဖြင့် ဈေးနှုန်းမတက်ဘဲ ပို့ဆောင်ပေးနေခြင်း၊ အများပြည်သူများ သွားလာရာတွင် ဘေးကင်း လုံခြုံမှုရှိခြင်း၊ စိတ်အေးချမ်းသာစွာ သွားလာရေးမြန်ဆန် လွယ်ကူချောမွေ့မှုရှိခြင်းတို့ကြောင့် အများပြည်သူများသည် သင်္ဘောခရီးစဉ်ကိုသာ အဓိကထား၍ သွားလာနေရကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)