မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာအုပ်ပြပွဲနှင့် စာဖတ်ဝိုင်းကျင်းပ

မိုင်းခုတ် ဧပြီ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူများ အသိပညာဗဟုသုတတိုးပွားရရှိစေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ် စေရန်နှင့် စာဖတ်သည့်အလေ့အထရရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီခွဲက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Commmunity Centre)ခန်းမ၌ စာအုပ်ပြပွဲကျင်းပပြုလုပ်ရာ စာပေဝါသနာ ပါသူများ လာရောက်ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ယင်းနောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် လူငယ်အသင်း(Youth Club)တို့ပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ လူငယ်နဲ့အခွင့်အလမ်း''စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) ဥက္ကဋ္ဌ ဦးဟန်ဝင်းစိုးက “လူငယ်နဲ့ အခွင့်အလမ်း” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး လူငယ်အသင်း(Youth Club)အဖွဲ့ဝင် ကိုသူရိန်ထွန်း က “လူ့တန်ဖိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Coub) အဖွဲ့ဝင် ဦးကိုကိုလေးက “အောင်မြင်မှုရယူခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော စာပေဝါသနာပါသူများကလည်း ပူးပေါင်းပါဝင်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ရုံးအနေဖြင့် အများပြည်သူများနှင့် လူငယ်၊ လူရွယ်၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို သက်ဆိုင်ရာအသင်းများနှင့်ပူးပေါင်းကာ လစဉ်ကျင်းပပေးလုပ်ပေးလျက်ရှိပြီး စိတ်ပါဝင်စား သူများအနေဖြင့် ပူးပေါင်းပါဝင်ဆွေးနွေးနိုင်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)