သန်လျင်၌ ကိုဗစ်-၁၉ ကာကွယ်ရေး အရှိန်မြှင့်ဆောင်ရွက်

သန်လျင် စက်တင်ဘာ ၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများအတွက် ဖွင့်လှစ်ထားရှိသော နည်းပညာ တက္ကသိုလ်(သန်လျင်)နှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တို့၌ ဖွင့်လှစ်ထားသော Facility Quarantine Centre များတွင် ထားရှိသူများအား ကူညီဆောင်ရွက် ပေးလျက်ရှိသော Volunteer များ၊ တာဝန်ရှိအဖွဲ့အစည်းများ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၄ နာရီတွင် သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းက မြို့နယ်အတွင်း ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နေမှု FQC များတွင် စနစ်တကျနေရာချထား ဆောင်ရွက်ပေး နေမှု၊ ပြည်သူများအား အသိပညာပေးခြင်းအဖြစ် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးမှု၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များနှင့် စောင့်ကြပ်ကြည့်ရှု ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသော မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြကြေးမုံနှင့် ကော်မတီဝင်များ၊ သန်လျင် လူမှုကွန်ယက်မှ ဒေါ်သီတာတို့က ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြကြသည်။

သန်လျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အရပ်ဖက်လူမှုအဖွဲ့များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ အရှိန်မြှင့်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

သန်းဝင်း(သန်လျင်)