မြောက်ဦးမြို့တော်ကို အမှိုက်ကင်းစင်မြို့တော် ဖြစ်စေရေးအတွက် ဌာနဆိုင်ရာများနှင့် ပြည်သူများ အမှိုက် Campaign ပြုလုပ်

မြောက်ဦး ဧပြီ ၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်သည် အထင်ကရ ရှေးဟောင်းမြို့တော်ဖြစ်သည်နှင့် အညီ ယူနစ်စကို ဝင်နိုင်ရန်အတွက် အမှိုက်ကင်းစင်မြို့တော်ဖြစ်စေရန်အလို့ငှာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ ပြည်သူများတို့ ပူးပေါင်း၍ ယနေ့ နံနက် ၇ နာရီအချိန်က ကုန်သည်တန်းရပ်ကွက် နန်းတော်ရာ ကုန်းဘေးပတ်လည်နေရာများနှင့် ပြည်သူ့ဆေးရုံဟောင်းနေရာများ၌ ပေါက်ရောက်နေသော ချုံနွယ်များ၊ လမ်းဘေးဝဲ ယာရှိအမှိုက်များအား စုပေါင်းသန့်ရှင်းရေး အမှိုက် Campaign ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာနေရာသို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးညိုမြင့်ထွန်း ဦးဆောင်၍ ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင် အတွင်းရေးမှူး ဒုတိယရဲ မှူးကြီးခင်မောင်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော် နိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးစိုးသက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ ပြည်သူများ စုစုပေါင်း (၄၄၄)ဦးတို့ ပူးပေါင်း၍ စုပေါင်း သန့်ရှင်းရေး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှု ဒေသသို့ ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးဧည့်သည်တော်များ နှင့် အမြို့မြို့အနယ်နယ်မှ ဘုရားဖူးလာရောက်ကြသော ပြည်သူများအနေဖြင့် စိတ်အေးချမ်းသာ စွာ လည်ပတ်နိုင်ရန်အတွက် နန်းတော်ရာကုန်းဘေးပတ်လည်ရှိ အမှိုက်သရိုက်များ ကောက်ယူ ခြင်း၊ ချုံနွယ်ပိတ်ပေါင်းများနှင့် ပေါင်းမြက်များအား စုပေါင်းခုတ်ထွင် ရှင်းလင်းခဲ့ကြပြီးနောက် မြောက်ဦးမြို့တော်ကို အမှိုက်ကင်းစင်မြို့တော်ဖြစ်စေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်း သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)