မိုးနဲ ဧပြီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း အသက်-၁၈ နှစ်နှင့် အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် Covid shield ကာကွယ်ဆေးထိုးနှံပြီး ၂၈ ရက်ပြည့်သူများကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်းကာ ကာကွယ်ဆေး လာရောက်ထိုးနှံကြသူများကို စာရင်း သွင်းပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ နှာခေါင်းစည်း တပ်ဆင်လာခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ၆ ပေအကွာတွင် ထိုင်စေခြင်းနှင့် ချောင်းဆိုးသည့် အခါ တံတောင်ဆစ်ကွေးဖုံးအုပ်ပြီး ဆိုးကြပါရန် အစရှိသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်း ကမ်းချက်များနှင့်အညီ Covishield ဒုတိယအကြိမ်အဖြစ် ၁၀ ဦးကို ထိုးနှံပေးခဲ့ကြပြီး ဆေးထိုးပြီးစီးကြောင်း လက်မှတ်များကိုပါ တစ်ပါးထဲ ထုတ်ပေးလျက်ရှိကြောင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ မိုးနဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းထိုးနှံပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)