မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာ တောင်ကုန်းပေါ်၌ တည်ထားပြီးစီးသည့် ပဒုမ္မာရွှေကြာ ကိုးနဝင်းဆုတောင်းပြည့်စေတီ ရွှေထီးတော်တင်အခမ်းအနားကျင်းပ

တောင်ပြိုလက်ဝဲ ဧပြီ ၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာ တောင်ကုန်းပေါ်၌ တည်ထားပြီးစီးသည့် ပဒုမ္မာရွှေကြာ ကိုးနဝင်းဆုတောင်းပြည့်စေတီ ရွှေထီးတော်တင်အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က စေတီတော်ရင်ပြင်တောင်ကုန်းပေါ်၌ ကျင်းပခဲ့ကြောင်းသိရသည်။

စေတီတော် ရွှေထီးတော်တင်အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်း အနားကိုဖွင့်လှစ်ခဲ့ကြသည်။ ယင်းနောက် ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက် တည်ကြပြီး ဆရာတော်များရွတ်ပွားသရဇ္စျယ်ချီးမြှင့်တော်မှုသော မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် အလှူရှင်များက ဆရာတော်သံဃာတော်များထံ ပဒုမ္မာရွှေကြာ ကိုးနဝင်းဆုတောင်းပြည့်စေတီ ရွှေထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေပန်းခိုင်တို့အား အသီးသီးလှူဒါန်းကြပြီး အနုမောဒနာတရားတော်နှင့် ရေစက်သွန်းချအမျှပေးဝေကာ ရတနာရွှေမိုး၊ ငွေမိုးရွာသွန်းဖြိုး၍ စေတီရွှေထီးတော်တင်အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ကြသည်။ တည်ထားပြီးစီးသည့် ပဒုမ္မာ ရွှေကြာကိုးနဝင်းဆုတောင်းပြည့်စေတီတော်အမြင့်ပေမှာ ၁၉ ပေ ဖြစ်ပြီး စေတီတော်တည်ထားရေးအတွက် မီးတိုက်ကျေးရွာ၊ ကျေးရွာသူရွာသားများနှင့်အလှူ ရှင်များမှာ စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။

သိန်းနိုင်(ပြန်/ဆက်)