နမ္မတူမြို့နယ်တွင် အား/ကာသိပ္ပံကျောင်း တက်လိုသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် စာရင်းပေးသွင်းနိုင်ပြီဖြစ်

နမ္မတူ  ဧပြီ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် အား/ကာသိပ္ပံကျောင်း (တောင်ကြီး)သို့ တက်ရောက်လိုသည့် ကျောင်းသားကျောင်းသူများအနေဖြင့် ယနေ့မှစတင်ကာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတွင် စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ထို့သို့ အားကာသိပ္ပံကျောင်း (တောင်ကြီး)သို့ တက်ရောက်လိုသည့် ကျောင်းသား ကျောင်းသူများ အနေဖြင့် Grade (8) အောင်မြင်ပြီး Grade (9) တက်ရောက်မည့်သူများ ဖြစ်ရမည် ဖြစ်ပြီး အသက် (၁၃)နှစ်မှ (၁၄)နှစ် အတွင်းဖြစ်ရမည်။

ထို့အပြင် ကျောင်းသားဖြစ်လျှင် အရပ် (၅)ပေ (၄)လက်မအနိမ့်ဆုံးရှိပြီး၊ ကျောင်းသူဖြစ်လျှင် အရပ် (၅)ပေ (၂)လက်မ အနိမ့်ဆုံးရှိရမည်ဖြစ်ကာ တက္ကသိုလ်ဝင်တန်းအောင်မြင်သည် အထိ ပညာသင် စရိတ်၊ စားစရိတ်၊ နေစားရိတ်များ ထောက်ပံ့ပေးအပ်မည်ဖြစ်သည်။

တက်ရောက်လိုသည့် ကျောင်းသားကျောင်းသူများ အနေဖြင့် ဧပြီလ (၈)ရက်နေ့မှစတင်ကာ ဧပြီလ (၂၀)ရက်အတွင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ စာရင်းပေးသွင်းနိုင်ကြောင်း မဟာသင်္ကြန်ကာလပြီးပါက ကျောက်မဲခရိုင်ရုံးတွင် လူတွေ့စစ်ဆေးရွေးချယ်မည်ဖြစ်ပြီး အသေး စိတ်သိရှိလိုပါက ဖုန်း-09265283737 သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း မြို့နယ်အား/ကာမှူး ဒေါ်ရွှေမာထံက သိရသည်။         

လူမော်(ပြန်/ဆက်)