မိုင်းခုတ် ဧပြီ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန သည် လူငယ်၊ လူရွယ်၊ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်ရည်ရွယ်၍ ယနေ့ မွန်းလွဲ ၁ နာရီခွဲက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မြို့ဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ရာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၄)ဉီး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား ဂုဏ်ပြုဆုလက်ဆောင်နှင့် အာဟာရဖြည့်မုန့်များ ပေးအပ်ခဲ့ ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မိုင်းခုတ်မြို့ရုံးအနေဖြင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင် စေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် နိုင်ငံတော်က အားကိုး၊ အားထားပြုရမည့် လူရည်ချွန်၊ လူရည်မွန် များဖြစ်လာစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲများ၊ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လစဉ် ကျင်းပပြုလုပ်ပေးလျက် ရှိကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)