ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ COVID-19ရောဂါ ကာလအတွင်း သတ်မှတ်စည်းကမ်းနှင့် အညီဖွင့်လှစ်ရောင်းချရေး အပတ်စဉ် ကြပ်မတ် စစ်ဆေး ပညာပေး ‌

ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၂

ရန်ကုန်တောင်ပိုင်းခရိုင်၊  ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ  လ္ဘက်ရည်ဆိုင်နှင့်  စားသောက်ဆိုင်များအား COVID-19 ရောဂါကူးစက် ပျံ့နှံ့မှုမှ ကာကွယ်၊ထိန်းချုပ်နိုင်ရေးအတွက်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ  ဖွင့်လှစ်ရောင်းချရေး  လိုက်နာဆောင်ရွက်ခြင်း  ရှိ/မရှိအား ကြပ်မတ်စစ်ဆေးခြင်းကို အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် (၁) နာရီက မြို့နယ် အဆင့် COVID -19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီဝင်များဖြစ်ကြသည့် မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဝင်း၊ မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ခိုင်ဌေးတို့ ဦးဆောင်၍ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ ဝင် များ၊  စည်ပင်သာယာရေးအဖွဲ့များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများပါဝင်သည့် ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေး ခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌  ရပ်ကွက်(၉)ရပ်ကွက်ရှိပြီး COVID-19 ကူးစက်ရောဂါ ကာလ အတွင်း  ယခင်က  စားသောက်ဆိုင်များအား ပါဆယ်ဝယ်ယူ စားသုံး စနစ်ဖြင့်သာ ရောင်းချခြင်း ခွင့်ပြုပေးခဲ့ပြီး ယခုအခါ  နိုင်ငံတော်မှ  ပြည်သူများအားစားဝတ်နေရေး အဆင်ပြေစေရေး အတွက် ဖြေလျော့ပေးသည့် အနေဖြင့် ဆိုင်ထိုင် စားသောက် ခြင်းများကိုပြန်လည် ခွင့်ပြုခဲ့သဖြင့်  စားသောက်ဆိုင်ပိုင်ရှင်များနှင့်   ဆိုင်တာဝန်ခံများ  အနေဖြင့်  COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်  လမ်းညွှန်ချက်များနှင့် အညီ လက်ဆေး ဘေစင်များထားရှိခြင်းရှိ/မရှိ၊  စားပွဲခုံများတွင် Social Distancing အရ အကာ အကွယ်ထားရှိခြင်း ရှိ/ မရှိ၊  အစားအသောက်များပြင်ဆင်၊ ဝန်ဆောင်မှု ပေးသူများအနေဖြင့်  အကာအကွယ်  Mask များတပ်ဆင်ထားခြင်း  ရှိ/ မရှိ၊ COVID-19ရောဂါ ကြိုတင်ကာကွယ်ရေး  လမ်းညွှန်  အသိပညာပေး  ပိုစတာများ ဆိုင်အတွင်း  ကပ်ထားခြင်း  ရှိ/ မရှိနှင့်  စားသုံးသူ  ပြည်သူများအား  ဈေးနှုန်းမှန်ကန်စွာ ရောင်းချခြင်း  ရှိ/ မရှိတို့အား  ကြပ်မတ်  စစ်ဆေးပညာ ပေးခဲ့ ကြောင်း  သိရသည်။

ဝေယံ (ဆိပ်ကြီးခနောင်တို)