မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာအုပ်ပြပွဲနှင့် စာဖတ်ဝိုင်း ကျင်းပ

မိုင်းခုတ် ဧပြီ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် အများပြည်သူများ အသိပညာဗဟုသုတ တိုးပွားရရှိစေရန်၊ အမှားနှင့် အမှန်ဝေဖန် ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့်အလေ့အထရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီခွဲက အဆိုပါရုံးရှိ လူထု အခြေပြုဗဟိုဌာန(Commmunity Centre)ခန်းမ၌ စာအုပ်ပြပွဲကျင်းပပြုလုပ်ရာ စာပေဝါသနာပါသူများ လာရောက်ဖတ်ရှု့လေ့လာခဲ့ကြောင်းသိရသည်။

ယင်းနောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် လူငယ်အသင်း (Youth Club)တို့ပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ ''လူငယ်နဲ့အခွင့်အလမ်း'' စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)ဉက္ကဌ ဉီးဟန်ဝင်းစိုး က ''လူငယ်နဲ့အခွင့် အလမ်း''ခေါင်းစဉ်ဖြင့် ဉီးဆောင်ဆွေးနွေးပြီး လူငယ်အသင်း(Youth Club) အဖွဲ့ဝင် ကိုသူရိန်ထွန်းက''လူ့ တန်ဖိုး''ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူ များအသင်း(Book Coub)အဖွဲ့ဝင် ဉီးကိုကိုလေးက ''အောင်မြင်မှုရယူခြင်း'' ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော စာပေဝါသနာပါသူများကလည်း ပူးပေါင်းပါဝင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မိုင်းခုတ်မြို့ရုံးအနေဖြင့် အများပြည်သူများနှင့် လူငယ်၊ လူရွယ်၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို သက်ဆိုင်ရာအသင်းများနှင့်ပူးပေါင်းကာ လစဉ်ကျင်းပပေးလုပ်ပေးလျက်ရှိပြီး စိတ်ပါဝင်စားသူ များအနေဖြင့် ပူးပေါင်းပါဝင်ဆွေးနွေးနိုင်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)