ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မွေးကင်းစကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းဆောင်ရွက်

ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲ အရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရဆေးပေးခန်းနှင့် ရပ်ကွက်အလိုက် ဆေးထိုးစုရပ်များ တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် အမျိုးသမီးသူနာပြု ဆရာမကြီး ဒေါ်ခင်ပပလွင်  ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များအား  ပေါင်ချိန်ခြင်း၊  ကိုယ်အပူချိန်တိုင်းပေးခြင်း၊ (ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမှေးရောင် ရောဂါ) စသည့် ငါးမျိုးစပ်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချဆေး တိုက်ကျွေးခြင်း တို့အပြင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် မေးခိုင်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဝေယံ (ဆိပ်ကြီးခနောင်တို)