သန်လျင်မြို့တွင်းလမ်းများ အဆင့်မြှင့်တင် တိုးချဲ့ဆောင်ရွက်

သန်လျင် ဧပြီ ၈     

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်သည် ခရိုင်ရုံးစိုက်ရာမြို့ဖြစ်သည်နှင့်အညီ မြို့သန့်ရှင်းသာယာလှပရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် လမ်းများတိုးချဲ့ခြင်း၊ လူသွားပလက်ဖောင်းများပြုလုပ်ပေးခြင်း၊ ပန်းအလှပင်နှင့် အရိပ်ရအပင်များစိုက်ပျိုးခြင်း၊ မြေယာရှုခင်းများ အလှပြုပြင်ခြင်းစသည့် လုပ်ငန်းများအပြင် မြို့မဈေးကြီးအတွင်းမိုးမကျမီ ရေစီးရေလာကောင်းမွန်ရေး ရေနှုတ်မြောင်းနှင့် ရေပိုက်များပြင်ဆင်ခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရသည်။

သန်လျင်မြို့နယ်၏ အဓိကလမ်းမကြီးများဖြစ်သော ဗိုလ်ချုပ်နေဝင်းလမ်း သန်လျင်ဆေးရုံကြီး ရှေ့အားတိုးချဲ့ပြုပြင်ခြင်း၊ မြို့မတောင်ရပ်ကွက်ရှိ အရှည်ပေ ၁၃၀၀ အကျယ် ၁၈ ပေ ဒု ကိုးလက်မရှိ ကွန်ကရစ်လမ်းအသစ်ခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် အမှိုက်များ စနစ်တကျ စွန့်ပစ်ခြင်း၊ စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးခြင်းများ မပြုလုပ်ကြရန် အသိပေးကြေငြာထားကြောင်း သိရ သည်။

ခရိုင် (ပြန်/ဆက်)